မဲခေါင်၊ ဧပြီ ၈
တိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ၏ ဒရုန်းတစ်စင်းကို အင်းလေး PDF တပ်ရင်း – IPDF က စနိုက်ပါဖြင့် ဧပြီလ ၆ရက်က ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်ဒေသတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်များထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ယင်းတိုက်ပွဲအတွင်း ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း IPDF တပ်ရင်းတာဝန်ခံ အင်းသွေးနီက မဲခေါင်ကို ယနေ့ ဧပြီ ၈ ရက်တွင်ပြောသည်။
“စကစက စစ်ကြောင်းထိုးလာတဲ့နောက်ကို အဲ့ဒရုန်းကလိုက်လာတာ၊ အဲဒီအချိန်မှာ စနိုက်ပါသမားက ပစ်ချလိုက်တာ၊ ပထမတချက်မှာ ဗုံးသီးပြုတ်ကျသွားတယ်။ ဒုတိယတချက်မှာ ဒရုန်းပြုတ်ကျသွားတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီနိုင်ရန်ဟုဆိုကာ ဧပြီလ ၂ရက်နေ့မှ ၂၂ရက်နေ့အထိ အပစ်ရပ်သည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း လေကြောင်းမှ ဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးကာရွာများကို မီးရှို့ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသည်။
အပစ်ရပ်မည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ်ကမူ ညောင်ရွှေမြို့နယ် စံကားကျေးရွာအုပ်စု၊ ထီခိုးရွာ၊ ရေပူရွာ၊ တောင်ပို့ကွဲရွာ၊ ညောင်လေးပင်ရွာများကို ထိုးစစ်ဆင်မည်ဟု ဧပြီလ၆ရက်နေ့တွင် ကြေညာထားသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ PNO တို့သည် ဧပြီလ ၅ ရက်၊ နံနက် ၆ နာရီဝန်းကျင်ခန့်ကလည်း တစ်နေကုန်နီးပါး ဒရုန်းနှင့်လက်နက်ကြီး အလုံးရေ ၃၀ ကြဲချတိုက်ခိုက်မှုကြောင့် ရေပူကျေးရွာရှိ နေအိမ် ၂ လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့ရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
မဟာ
#MeKongNews
#အင်းလေးPDF
#IPDF
#ဒရုန်း
#စနိုက်ပါ
#ပစ်ချ








