မဲခေါင်၊ မတ် ၂၁
ရှမ်း -ကရင်နီ(ကယား)နယ်စပ်ကို ဆက်သွယ်ထားသည့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးဝန်းကျင်တွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသောကြောင့် လမ်းအသုံးပြုမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် ၂ ဗျူဟာက ပြည်သူလူထုထံ မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်၏ နည်းမျိုးစုံဖြင့် စစ်ရေးလှုပ်ရှားမှုကြောင့် တော်လှန်ရေးအင်အားစုများနှင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့်အတွက် မတ်လ ၂၀ ရက်နေ့မှစတင်ကာ ယာဉ်ကြီးယာဉ်ငယ်များဖြင့် ခရီးသွားလာခြင်းအား ယာယီရပ်ဆိုင်းထားကြောင်း KNDF ဗျူဟာ အမှတ် (၂)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယ်မြေလုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ မိဘပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာပေးကြပါရန်နှင့် ပြန်လည်အသုံးပြုနိုင်မည့် အချိန်နှင့်နေ့ရက်အား ပြန်လည်အသိပေးသွားမည်ဟု KNDF က ဆိုသည်။
လွိုင်ကော်-ဆီဆိုင် လမ်းမကြီးမှာ ယခင်ကတည်းက စစ်ကောင်စီစစ်ကြောင်းများ တိုးဝင်နေသည့်အတွက် သွားလာရလွယ်ကူခြင်း မရှိသည့်လမ်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်လိုက်သော်လည်း ဒေသခံများအတွက် အထူးတလည်ထိခိုက်ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
၂၀၂၄ ဇွန်လ ဝန်းကျင်ခန့်မှ စတင်ကာ ဆီဆိုင်-လွိုင်ကော်လမ်းပိုင်းကို စစ်ကောင်စီကထိန်းချုပ်နိုင်ခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ -လွိုင်ကော်) အပါအဝင် လွိုင်ကော်မြို့အတွင်းရှိ တပ်ရင်းများအား ရိက္ခာနှင့် စစ်လက်နက်များ လွိုင်လင်လေးဘက်မှ ပို့ဆောင်နေကြောင်း သိရသည်။
ယခုနှစ်ဇန်နဝါရီလထဲတွင် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကိုပါ စစ်ကောင်စီဘက်မှ ထိန်းချုပ်ရန်ကြိုးစားလာခဲ့ပြီး မြေပြင်တော်လှန်ရေးတပ်များနှင့် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်။
ဂနိုက်
#MeKongNews
#လွိုင်ကော်
#ဆီဆိုင်
#လမ်းပိတ်
#KNDF
#စစ်ကောင်စီတပ်








