မဲခေါင်၊ မတ် ၁၈
အင်းလေးဒေသထွက် အင်းသီးခေါ် ခရမ်းချဉ်သီး တစ်ပိဿာလျင်ကျပ် ၁၅၀ အထိ ဈေးကျဆင်းနေပြီး ဝယ်ယူသူမရှိဖြစ်နေသည့်အတွက် ကျွန်းမျောစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း အင်းလေးတောင်သူများထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ စျေးကောင်းရခဲ့ပြီး ဒီဇင်ဘာလမှ ၂၀၂၅ ယခုမတ်လ အထိ တဖြည်းဖြည်း စျေးများဆက်တိုက်ကျဆင်းလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီလတွင် တစ်ပိဿာ ကျပ် ၃၀၀ ခန့် ရှိရာမှ ယခုမတ်လတွင် တစ်ပိသာလျှင် ကျပ် ၁၅၀ အထိ ကျဆင်းနေခြင်းဖြစ်ကြောင်း ကြေးစားကုန်းရွာမှ ခရမ်းချဥ်စိုက်တောင်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
ခရမ်းချဥ်စိုက်ရန်အတွက် တောင်သူအများစုမှာ အကြွေးယူစိုက်ပျိုးနေရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ စျေးကောင်းမရသည့်အခါတွင် ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူနိုင်ဖို့ပင် မလွယ်သည့်အနေအထားဟု ယင်းတောင်သူက ပြောသည်။
“ဈေးမကောင်းရင် အပင်သက်တမ်းမကုန်သေးပေမယ့် စျေးမရတော့ ခူးတာရပ်ရတာ၊ ထပ်ခူးရင်လည်း လူငှားခနဲ့ ကုန်ကျစရိတ် တွက်ချေမကိုက်တော့ရပ်ရတာ။ သာမာန် ၁၀ ကြိမ်ခူးရင် အခု ၅ ကြိမ်နဲ့ ရပ်လိုက်တာ၊ ဈေးကိုက်ရင် အကြိမ်ရေများများခူးနိုင်တာပေါ့။ စျေးကောင်းရမှ အရင်းကြေ၊ အမြတ်ထွက်ပြီး ကြွေးဆပ်နိုင်မှာ၊ ခုတော့အကြွေးနဲ့ နောက်ရာသီအတွက် ရင်လေးနေရပြီ” ဟု ၎င်းက ပြောသည်။
ခရမ်းချဉ်စိုက်ရာတွင် ထည့်သွင်းရသည့် ဓာတ်မြေသြဇာစျေးမှာ ယခင်က ကျပ် ၁ သိန်းကျော်ရှိမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလရေကြီးပြီးနောက်ပိုင်း ကျပ် ၃ သိန်း ကျော်အထိ မြင့်တက်လာသည့်အပြင် မျိုးစေ့ဖိုး၊ ပိုးသတ်ဆေးဖိုးများလည်း မြင့်တက်လာသည့်အတွက် တောင်သူများ အရှုံးများခြင်းဖြစ်ကြောင်း ညောင်ရွှေရှိ အင်းသီးကုန်ဒိုင်တစ်ဦးက ပြောသည်။
“ရေကြီးပြီးလို့ ပျက်သွားတဲ့ ကျွန်းမျောတွေပြင်ရတာ၊ သွင်းအားစုတွေ ၃ ဆခန့် စျေးတက်လာတာ၊ ခုစျေးနဲ့ အများကြီးရှူံးနေတယ်။ ၁၀၀၀ ကျော်ရမှ အရင်းကျေရမှာ။ ခုတော့ ဝယ်သူမရှိတော့ အပင်မှာ ဒီအတိုင်းပဲထားတော့တယ်။ မခူးတော့ဘူး။ ခူးလည်း အလုပ်သမားခတောင် ပြန်မရဘူးလေ” ၎င်းကပြောသည်။
ထိုင်းနိုင်ငံဘက်မှ ဝယ်ယူမှုရှိလာနိုင်သည့် ၇ လပိုင်းနှင့် ၈ လပိုင်းတို့တွင် ခရမ်းချဉ်ဈေးပြန်တက်ရန် မျှော်လင့်ထားကြောင်း ယင်းကုန်သည်က ခန့်မှန်းသည်။
အင်းလေးဒေသ စိုက်ပျိုးချိန်မှာ ယခင်က ၁ လ၊ ၂ လပိုင်းပျိုး နှင့် ၆ လ၊ ၇ လပိုင်းပျိုး ဟူ၍ စိုက်ချိန် ၂ ခုသာ ကောင်းကောင်းရှိခဲ့ပြီး ယခုအခါ ပြောင်းလဲလာသည့် ရာသီဥတုအရ ၉ လ ၁၀ လပိုင်းပျိုးကိုလည်း စတင်စိုက်ပျိုးလာကြကြောင်း
သိရသည်။
အင်းလေးကန်တည်ရှိရာ ရှမ်းပြည်၊တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၄၄ ရွာရှိသည့်အနက် ခရမ်းချဥ်ကို ရွာပေါင်း ၁၃၆ ရွာစိုက်ပျိုးကြကြောင်း ဒေသတွင်း သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါရွာများတွင် ကျွန်းမျောစိုက်ဧကပေါင်း ခြောက်ထောင်ကျော်ရှိပြီး ခရမ်းချဉ်သီး တစ်နှစ်ပျမ်းမျှအထွက်နှုန်းသည် တစ်ဧကကို တင်း ၄၀၀ ကနေ ၆၀၀ ကျော်ထွက်ရှိသည်ဟု သိရသည်။
ရှမ်းပြည်တွင် တောင်ပေါ်ကုန်းသီး ဆိုသည့် ခရမ်းချဥ်သီးကို ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ တီကျစ်နှင့် နောင်တရားကဲ့သို့ နေရာများ၌ ၂ လပိုင်းမှသည် ၇ လပိုင်း အထိ ပျိုးထောင်စိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုများသည့် စိုက်ချိန်အဖြစ် မိုးရေကိုအဓိက ရယူစိုက်ပျိုးကြကြောင်း သိရသည်။
မဟာ
#MeKongNews
#အင်းသီး
#ခရမ်းချဉ်သီး
#အင်းလေးဒေသ
#ဈေးကျ
#တောင်သူ








