မဲခေါင်၊ မတ် ၁၇
စစ်ကောင်စီက အဓမ္မဖမ်းဆီးစုဆောင်းထားသည့် စစ်မှုထမ်းလူသစ်များ မတ်လ ၁၅ ရက် နေ့လည်ပိုင်းက ဟိုပုံးနည်းပညာစစ်သင်တန်းကျောင်းကို ကား ၁၈ စီးနှင့်အပြည့် ပို့ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် ကလောအခြေစိုက် တပ်မ ၅၅ မှ ဟိုပုံးမြို့ ရှိ နည်းပညာစစ်သင်တန်းကျောင်းထံသို့ ကား ၁၈ စီးအပြည့်ဖြင့် သယ်ယူပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
“တစ်စီးကို လူ ၄၀ လောက်ပါတယ်။ ယူနီဖောင်းဝတ်သေနတ်ကိုင်က ၃ ယောက်တွေ့တယ်။ ကားတွေ အမြန်မောင်းသွားတာ၊ ညက ကလောဘက်မှာ ထွက်ပြေးတာတွေလည်း ကြားတယ်” ဟု ဟဲဟိုးမြို့နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
ယင်းလူသစ်များကို မိထ္တီလာဘက်မှ ပို့ဆောင်လာခြင်းဖြစ်ပြီး တောင်ကြီးမှ စုဆောင်းရရှိသူများကိုလည်း ဟိုပုံးဘက်သို့ ကား ၃ စီး အပြည့်ပို့ဆောင်မှုရှိသည်ဟု ဟိုပုံးဒေသခံတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးသည်မှစကာ အပတ်စဥ် ၁၀ အထိ သင်တန်းဖွင့်ခဲ့ပြီး ယခုပို့ဆောင်မှုမှာ အပတ်စဥ် ၁၁ အတွက် သင်တန်းတက်ရန် ပို့ဆောင်နေခြင်း ဖြစ်သည်။
လူသစ်စုရာတွင် ယခင်က ငွေဖြင့်ဝယ်၍အစားထိုးရခဲ့သော်လည်း သင်တန်းဆင်းဆင်းချင်း ရှေ့တန်းသို့ပို့ဆောင်သဖြင့် အသေများနေခြင်း၊ မိသားစုနှင့် လုံးဝဆက်သွယ်ခွင့်မပြုခြင်း၊ တပ်တွင်းဖိနှိပ်မှုမျိုးစုံကြောင့် ငွေဖြင့်အစားထိုးမရတော့သဖြင့် ပေါ်တာဖမ်းခြင်းမှအစ မဲနှိုက်ခြင်းအဆုံး လူစားထိုးခွင့်မပြုတော့ဘဲ စာရင်းပါသူကိုယ်တိုင် လိုက်ပါရသည်အထိ အဓမ္မစုဆောင်းခံနေကြရသည်။
“သေ၊ ပြေး၊ ထိခိုက်၊ ထောင်ချနဲ့ ၁၈၀၀၀ လောက်တော့ ရှိနိုင်တယ်။ လူသားဒိုင်းအနေနဲ့ ဆေးတွေကျွေး၊ သွေးကြွအောင်မြှောက်ပေးပြီး ရှေ့တန်းအသေခံခိုင်းခံနေရတာတွေ၊ သေရင်တောင် ပင်စင်မရ၊ ဘာအခွင့်အရေးမှ ပေးမထားဘူး” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်ကောင်စီအနေဖြင့် လျော့နည်းလာသည့် အင်အားကိုဖြည့်တင်းနိုင်ရန် စစ်မှုထမ်းဥပဒေအရ အဓမ္မလူသစ်စုဆောင်းခြင်းသာမက ထောင်များအတွင်း ဖမ်းဆီးခံထားရသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည် လက်နက်တပ်ဆင်ထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် PPNM က မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မဟာ
#MeKongNews
#စစ်မှုထမ်းဥပဒေ
#အဓမ္မစစ်သားစုဆောင်း
#ဟိုပုံး
#စစ်ကောင်စီ
မှတ်ချက် – ပုံဟောင်း








