မဲခေါင်၊ မတ် ၁၆
ရှမ်းပြည်မြောက်ပိုင်း၊TNLA ထိန်းချုပ်နယ်မြေရှိ နောင်ချိုမြို့၊ တောင်ရပ်ကွက်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို ယနေ့လမတ် ၁၆ ရက် ညနေ ၅ နာရီကျော်၌ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၉ ပါး အပါအဝင် ပြည်သူ ၁၄ ဦး သေဆုံးကြောင်း သိရသည်။
စိန်ရတနာပရိယတ္တိစာသင်တိုက်တွင် စစ်ရှောင်အများအပြားခိုလှုံလျက်ရှိပြီး ညနေ ၅ နာရီ ၂၆ မိနစ်ခန့်တွင် ဗုံးသီး ၂ လုံး၊ ၅ နာရီ ၂၇ မိနစ်တွင် ဗုံးသီး ၂ လုံးကြဲချခဲ့ရာ ကျောင်းပေါ်တည့်တည့်ကျရောက်ခဲ့ပြီး ၅ နာရီ ၃၂ မိနစ်မှ ၃၃ မိနစ်အထိ လေယာဉ်ပေါ်မှ စစ်သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“အဲ့မှာ စစ်ရှောင်တွေက အများကြီး၊ စစ်ရှောင်ကြတဲ့နေရာလို့ ပြောလို့ရတယ်။ ညဘက်ဆိုလူတွေက စိတ်ပူရင် အဲ့ကျောင်းပဲသွားနေကြတာ။ အခုလလည်း အဲ့မှာ စစ်ရှောင်တွေရှိမှန်းသိလို့ သိသိကြီးကြဲသွားသလိုပဲ၊ သေချာဝဲကြည့်ပြီးမှ ကြဲသွားတာ” ဟု နောင်ချိုမြို့ မြေပြင်သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှ ကိုရင် ၈ ပါး၊ သံဃာတစ်ပါးနှင့် စစ်ရှောင်ပြည်သူ ၅ ဉီး သေဆုံးသွားခဲ့ပြီး နေအိမ်များနှင့်ဘုန်းတော်ကြီးဆောင်များပျက်စီးခဲ့သည်။
“ထောင်ဂဏန်းလောက်တော့မရှိပေမဲ့ အဲ့နေရာမှာက စစ်ရှောင်တော်တော်များများ သွားရှောင်ကြတယ်” ဟုဖြစ်စဉ်ဖြစ်ပွားချိန် နောင်ချိုမြို့၌ ရှိနေသူတစ်ဦးက မဲခေါင်ကိုပြောသည်။
ဗုံးကြဲခံရသည့်နေရာသည် တိုက်ပွဲဖြစ်ပွါးထားခြင်းမရှိသလို စစ်ရေးပစ်မှတ်မဟုတ်သောနေရာလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာကို ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ အမျိုးသမီး ၃ ဦးသေဆုံးကာ အမျိုးသား ၄ ဦးဒဏ်ရာရရှိခဲ့သည်။
ယခုလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၃ ရက်အတွင်းနောင်ချိုမြို့၌ စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိလာခဲ့ပြီဖြစ်သည်။
ဂနိုက်
#MeKongNews
#နောင်ချို
#လေကြောင်းတိုက်ခိုက်မှု
#သံဃာ
#စစ်ဘေးရှောင်
#စစ်ကောင်စီ








