မဲခေါင်၊ မတ်၁၄
ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မကျေးရွာ၊ နမ္မမြစ်ကမ်းဘေးတွင် ဒေသခံလူငယ်များမှ ပိုစတာများစိုက်ထူကာ လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း ရှမ်းလူငယ်အဖွဲ့ထံမှ သိရသည်။
ယင်းလှုပ်ရှားမှုကို သီပေါမြို့နယ်ရှိ လူငယ်များက ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “Our River, Our Future”, “Stop Damming the Nam Ma River” အစရှိသော ဆိုင်းဘုတ်များနှင့် ရှမ်းဘာသာဆိုင်းဘုတ်များကို
စိုက်ထူခဲ့ကြကြောင်း SYO ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ယိင်းမွေလျန်းက မဲခေါင်ကို ပြောသည်။
“ဒေသခံတွေ ကိုယ်စားပြောရရင် ဒီနမ္မမြစ်ပေါ်နဲ့ ရှမ်းပြည်က မြစ်တွေအပေါ် ဒေသခံလူထုဆန္ဒမပါဘဲ ဆည်တွေဆောက်တာ၊ မြစ်ချောင်းတွေ ပျက်စီးအောင် လုပ်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ လုပ်တာပါ”ဟု ပြောသည်။
နမ္မမြစ်သည် သီပေါမြို့နယ်အတွင်း စီးဆင်းပြီး နမ္မတူမြစ်ခေါ် ဒုဌဝတီမြစ်ထဲသို့ စီးဝင်သည့် မြစ်တစ်စင်းဖြစ်သည်။
စစ်ကောင်စီက သီပေါမြို့နယ်ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ဆည်ဆောက်မှုများ ရပ်ဆိုင်သွားသော်လည်း သံလွင်မြစ်အပါအဝင် ရှမ်းပြည်အတွင်းရှိ အခြားမြစ်ချောင်းများနှင့် ရေဝေရေလဲနေရာများတွင် ရွှေအပါအဝင်သတ္တုမျိုးစုံ တူးဖော်ထုတ်လုပ်မှုများ များပြားလာသည့်အတွက် မြစ်ချောင်းများနှင့် မြို့ရွာများထိခိုက်ပျက်စီးလာပြီး သဘာဝဘေးကြုံတွေ့နေရမှုများကို ကန့်ကွက်သည့်အနေဖြင့် ယခုကဲ့သို့ လှုပ်ရှားမှုပြုလုပ်ကြရခြင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#နမ္မမြစ်
#သီပေါ
#နမ္မတူ
#အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့








