မဲခေါင်၊ မတ် ၁၂
ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာတွင် တောင်သူတစ်ဦး တောင်ယာသွားလာရင်း မိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း နယ်စည်းမခြားပရဟိတ(သီပေါ)ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ၈ရက်၊ နံနက်ပိုင်းက သီပေါမြို့နယ်၊ တုံစင့်ကျေးရွာမြောက်ဘက် တောအတွင်းရှိ တောင်ယာသွားရင်း အသက် ၅၆ နှစ်အရွယ် ဦးစိုင်းဖောင်းမှာ မိုင်းထိသေဆုံးခဲ့ခြင်းဖြစ်သည်။
“မိသားစုဝင်တွေ စိတ်အေးချမ်းသာစေရန်ဖို့ အဖွဲ့က အန္တရာယ်များတဲ့ တောလမ်းအတွင်းဝင်ပြီး ရုပ်အလောင်းကို ရအောင်သယ်ထုတ်ပေးခဲ့ပြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုင်းထပ်ထိမည်ကို စိုးရိမ်တာကြောင့် မိသားစုဝင်များက အလောင်းသွားမကောက်ရဲဘဲ ရှိနေပြီး နယ်စည်းမခြားပရဟိတအဖွဲ့ဝင်များက မတ်လ ၁၁ ရက်တွင် သွားရောက်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် မနက်ကလည်း သီပေါမြို့နယ်၊ ကုံးစုံကျေးရွာနေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်၍ မိသားစု ၃ ဦးထိကာ ၂ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သေးသည့် မိုင်းပေါက်ကွဲမှုဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
အလားတူ အဆိုပါတုံစင့်ကျေးရွာအတွင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က အသက် ၁၃ နှစ်အရွယ် စိုင်းလောဝ်ခမ်း မိုင်းထိသဖြင့် လားရှိုးဆေးရုံသို့ သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်း အကျန်များကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ အဖြစ်ရှိနေကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှုပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ – ICBL က ၂၀၂၄ နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
#MeKongNews
#မြေမြုပ်မိုင်း
#သီပေါ
#တောင်သူ
#မိုင်းထိသေဆုံး








