မဲခေါင်၊ မတ်၁၂
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်ရှိ မင်းပလောင်ရွာတွင် လသားကလေးငယ်များ အပါအဝင် ကလေး၊ လူကြီး ၂၀၀ ခန့် ယားနာများ ဖြစ်ပွားနေကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA ထံမှ သိရသည်။
ယားနာများဖြစ်ပွားရခြင်း အကြောင်းရင်းမှာ သုံးရေ သန့်ရှင်းမှုမရှိခြင်းကြောင်း ဖြစ်ပြီး ဆေးဝါးအကူအညီလည်း မလုံလောက်ကြောင်း DSNDA ပြန်ကြားရေးတာဝန်ခံ ကျားပျံက ယနေ့ မတ်လ ၁၂ ရက်တွင် ပြောသည်။
“ရေသုံးရတာ မသန့်တော့ ဖြစ်တာ။ ရေရှားတယ်လို့ မဆိုပေမယ့် လုံလောက်အောင် သန့်ရှင်းအောင်မသုံးနိုင်ကြတော့ ဖြစ်ကြတာ။ ရသမျှဆေးတွေနဲ့ ကူညီနေပေမယ့် မလုံလောက်ဘူးဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
ကလေးငယ်တစ်ဦး သေဆုံးရသည်အထိ ဖြစ်ပွားခဲ့သည့် တုတ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုမှာ သက်သာစပြုလာပြီ ဖြစ်သော်လည်း ယားနာပြဿနာကြုံနေရသလို သောက်ရေနှင့်ရာသီဥတုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင်လည်း အထူးဂရုစိုက်နေရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါရွာကို DSNDA သာမက ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF ကလည်း လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးနေကြောင်း သိရသည်။
မင်းပလောင်ရွာတွင် အိမ်ခြေ ၁၇၉ အိမ်၊ အိမ်ထောင်စု ၁၉၉ တွင် လူဦးရေ ၇၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂၊ ၂၃ ရက်များက နှစ်ရက်ဆက်တိုက် ရွာလုံးကျွတ် မီရှို့ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#မင်းပလောင်ရွာ
#ယားနာ
#ကလေးငယ်
#ရေရှားပါး








