မဲခေါင်၊ မတ် ၁၁
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသ မိုးကုတ်မြို့တွင် မြို့စောင့်တပ် ဖွဲ့စည်းရန် TNLA မှ ပြင်ဆင်နေကြောင်း မြို့ခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။
မြို့စောင့်တပ်ဖွဲ့စည်းရန်အတွက် အသက် ၁၈ နှစ်မှ ၄၅ အတွင်း လူငယ်များအား တအိမ်တယောက်စစ်မှုထမ်းရမည်ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့တွင် TNLA နှင့် PDF တပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားခေါ်တွေ့ကာ ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
”ဒီနေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်မိရပ်ဖတွေကိုခေါ်ပြီး ကန့်ကွက်စာတင်ဖို့လုပ်နေကြတယ်။ ကလေးနဲ့ လူအိုပဲကျန်မှာဆိုတော့ မြို့ပျက်မဲ့အနေအထားလေ အဲ့တာလက်သင့်မကြောင်းကန့်ကွက်စာတင်မှာ” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
TNLA နှင့်အတူ စစ်မှုထမ်းရန်စေခိုင်းမှုပါဝင်သည့် PDF တပ်မှာ မည်သည့်အဖွဲ့ဖြစ်သည်ဟု ဒေသခံများသိရှိခြင်းမရှိဘဲ လက်ရှိအချိန်အထိ အတည်မဲခေါင်အနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
”သတင်းက အတည်ပြုနိုင်တယ်။ အသေးစိတ်ကို မသိရသေးဘူး”ဟု မိုးကုတ် ပကဖ ပြောရေးဆိုခွင့်ရှိသူက မဲခေါင်ကို ပြောသည်။
TNLA မှ စစ်မှုထမ်းခေါ်ယူနေသည့်အတွက် မြို့ခံများက ဝေဖန်မှုများ ရှိနေသည်။ TNLA ဘက်သို့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
စစ်မှုထမ်းခေါ်သည့်အတွက် မိုးကုတ်မြို့မြို့တော်ဝန်နှင့် ရပ်ကွက် ၆ အုပ်စု၏ ရပ်ကွက် အသီးသီးမှ မြို့မိမြို့ဖများက စစ်မှုထမ်းကန့်ကွက်စာတင်သွားမည်ဖြစ်ပြီး ကန့်ကွက်စာတင်သည့်အတွက် TNLA ဘက်မှ ပေါ်တာဆွဲခြင်းများ ဖြစ်လာနိုင်ကြောင်း ဒေသခံများကပြောသည်။
“ထုတ်ပြန်တဲ့စာ ခေါင်းစီးက အမျိုးသားကာကွယ်ရေးတပ်မတော်တဲ့ ဒုတိယက တိုင်းရင်းသားပေါင်းစုံညီညွတ်ကာကွယ်ရေးတပ်မတော်တဲ့၊ အောက်ကနေမှ တအောင်းပြည်နယ်၊ တအောင်းလွတ်မြောက်ရေး PSLF တအောင်းတပ်မတော်ဆိုပြီး ထုတ်ပြန်တဲ့စာရေးထားတာ သူတို့ကိုကြောက်လို့ ဓာတ်ပုံမရိုက်ခဲ့ရဘူး” ဒေသခံတဦး က မဲခေါင်ကိုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင်လည်း မိုးကုတ်မြို့ရှိ လီဆူလူမျိုးများအား သီးသန့်တပ်ရင်းတခုအား TNLA မှဖွဲ့စည်းခဲ့ပြီး ဂေါ်ရခါးလူမျိုးများအား ဖွဲ့စည်းရန်စည်းရုံးနေကြောင်း မိုးကုတ်ပကဖနှင့် နီးစပ်သူက မဲခေါင်ကိုပြောသည်။
“လီဆူတပ်ရင်းက သင်တန်းတောင်ပေးပြီးသွားပြီ၊ မြို့သိမ်းပြီးမကြာခင်မှာ ဖွဲ့စည်းခဲ့တာ၊ ဂေါ်ရခါးတပ်ရင်းကတော့ စည်းရုံးရေးဆင်းနေတုန်း၊ ဂေါ်ရခါးကတော့ မဝင်ချင်တဲ့သူ မလုပ်ချင်တဲ့သူ များနေတယ်” ဟုသူကဆိုသည်။
မိုးကုတ်မြို့အား ၁၀၂၇ ဒုတိယလှိုင်းအတွင် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ သိမ်းပိုက်ခဲ့ပြီး TNLA ၏ အုပ်ချုပ်ရေးအဓိက လည်ပတ်နေသည်။
ဂနိုက်
#MeKongNews
#တအာင်း
#မိုးကုတ်
#မြို့စောင့်တပ်
#စစ်သားစုဆောင်း
#လူသစ်စု
TNLA စစ်သင်တန်းဆင်း ပုံဟောင်းများ ဖြစ်သည်။








