မဲခေါင်၊ မတ် ၁၀
မိုင်းဖြတ်မြို့နယ်၊ ဟိုနားအာခါရွာတွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင်ရောင်းချနေပြီး ကျေးရွာအုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့က လွှတ်ပေးထားကြောင်း ဒေသခံများက မဲခေါင်သတင်းကိုပြောသည်။
WY စိတ်ကြွဆေးပြားကို ဟိုနားအာခါရွာအတွင်းရှိ နေအိမ်တစ်အိမ်တွင် ရောင်းချနေခြင်းဖြစ်ပြီး အသက်မပြည့်သည့် ကလေးများ၊ ကျောင်းသား၊ ကျောင်းသူများပါ ဝယ်ယူသုံးစွဲနေကြောင်း၊ ကျေးရွာအတွင်းမှ လားဟူလူမျိုး အသက် ၁၈မပြည့်သေးသည့် ယောက်ျားလေးတစ်ဦးကိုလည်း အိမ်တွင် မူးယစ်ဆေးကျွေးပြီး ခေါ်ခိုင်းထားကြောင်း၊ မူးယစ်ဆေးဝါး ဝယ်ယူသူများထဲတွင် မိုင်းဖြတ်ဆေးတပ်မှာ စစ်ဆေးဗိုလ်များလည်းပါဝင်သလို စကခ (၁၈) မှ စစ်သားများလည်းပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။
“ရောင်းတာက ဦးမောင်နိုင်တို့ လင်မယား။ ရဲတိုင်လည်းဘာမှ မထူးဘူး။ အစစ်အဆေးရှိတယ်ဆိုရင် အိမ််မှာမရောင်းဘဲ ဂေါက်ကွင်းအခြေနားမှာ ရောင်းတယ်။ ရဲကခေါ်သွားလည်း ခဏပဲပြန်လွတ်လာပြီး ၂ပတ်လောက်နေရင် ပြန်ရောင်းတယ်” ဟု ၎င်းက ပြောသည်။
ယင်းဟိုနားအာခါရွာထဲတွင် ဦးအေးရိယဆိုသူမှာလည်း ဆေးသမားများ ရပ်ကွက်အတွင်းမှ ခိုးယူလာသည့် ပစ္စည်းမျိုးစုံကို လက်ခံဝယ်ယူပေးကြောင်း၊ ဦးအေးရိယနှင့် ဦးမောင်နိုင်တို့ပေါင်းပြီး ကျေးရွာအတွင်း လူမိုက်မွေးကာ ဒေသခံပြည်သူများအပေါ် ရမ်းကားနေကြောင်း ဟိုနားအာခါကျေးရွာသားတစ်ဦးက ဖြည့်စွက်ပြောဆိုသည်။
“ခိုးလာသမျှ မီးစက်၊ ရေပေါ်စက်၊ မီးကြိုး၊ ဘက်ထရီ၊ ၀ရိမ်ဆော်စက်၊ ဖုန်း၊ ပါဝါဘန့်ကအစ ဘုန်းကြီးကျောင်းက ဆန်အိတ်၊ ရေခဲသေတ္တာပါ မကျန်ဘူး အကုန်ခိုးလာရောင်းလည်းသူကလက်ခံတယ်” ဟု ၎င်းကပြောသည်။
မိုင်းဖြတ်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ကြီးစိုးထားသည့်နယ်မြေဖြစ်ပြီး စစ်တပ်အာဏာသိမ်းဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါရောင်းဝယ်မှု ပိုမိုကျယ်ပြန့်လာပြီး ဒေသတွင်း လူငယ်များ၊ အမျိုးသမီးငယ်များသာမက ရဟန်းသံဃာများပါ သုံးစွဲလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#မိုင်းဖြတ်
#မူးယစ်ဆေးဝါး
#စကခ၁၈
#ဟိုနားအာခါရွာ








