မဲခေါင်၊ မတ် ၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့၌ စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်မှုများ လုပ်ဆောင်နေပြီး ဆင့်ခေါ်မှုတွင် မပါဝင်သည့် အိမ်ထောင်စုများက စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကို လစဉ်ကြေးပေးဆောင်နေရကြောင်း သိရသည်။
စစ်မှုထမ်းဆင့်ခေါ်မှုတွင် မပါဝင်သည့် ပြည်သူများသည် ရပ်ကွက်အလိုက် သတ်မှတ်ထားသော မတူညီသည့် လစဉ်ကြေးများအတိုင်း စစ်ကောင်စီကို ငွေကြေးပေးဆောင်နေရသည့်အပြင် ဒေသတွင်း PNO ပြည်သူ့စစ်ကိုပါ ငွေကြေးပေးဆောင်နေရကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
“အရင်ခေါက်တွေကတော့ ရပ်ကွက်က လူတွေအစား သွားတဲ့လူတွေတွက် ငွေထည့်ပေးရတယ်၊ ခု အသစ်တခေါက်တွက်တော့ ငွေမကောက်သေးတော့ မကြားသေးဘူး၊ အစ်မတို့က PNO တွက်လည်း ထည့်ပေးရတယ်၊ စစ်ကောင်စီအတွက်လည်း သပ်သပ်ထည့်ပေးရတာ၊ ရပ်ကွက်ချင်းမတူဘူးထင်တယ်” ဟု သူက ပြောသည်။
ဟိုပုံးမြို့ပေါ် တွင် ရပ်ကွက် ၆ ခုရှိပြီး စစ်ကောင်စီအတွက် အိမ်ထောင်စုတစုလျှင် လစဉ်ကြေး နှစ်သောင်းကျပ်ပေးဆောင်နေရသည့်အပြင် PNO ပြည်သူ့စစ်ကိုလည်း နှစ်လလျှင်တကြိမ်ဖြင့် ငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ ပေးဆောင်နေရသည်။
စစ်ကောင်စီက ဟိုပုံးမြို့ပေါ်ရပ်ကွက်များတွင် စစ်မှုထမ်းဆင့်ခေါ်မှု ပြန်လည်လုပ်ဆောင်နေသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါ ဖိအားများနေကြသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်မှု သတ်မှတ်ချက်ဦးရေကို တိတိကျကျမသိရသော်လည်း ရပ်ကွက်အလိုက် ဆယ်ဦးစီ အချိုးကျခေါ်ယူနေခြင်းဖြစ်နိုင်ကြောင်း စစ်မှုထမ်းဆင့်ခေါ်မှုတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့ ရပ်ကွက်က ၁၀ ယောက်၊ တခြားရပ်ကွက်တွေလည်း အတူတူလောက်ပါဘဲ” ဟု ပြောသည်။
ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များသည် PNO ပြည်သူ့စစ်ထိန်းချုပ်ထားသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အပြိုင်အဆိုင် စစ်မှုထမ်းဆင့်ခေါ်မှုလုပ်ဆောင်နေသည့် ဒေသလည်းဖြစ်သည်။
လက်ရှိ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပအိုဝ်းဒေသတွင် PNO ပြည်သူ့စစ်မှ ခေါ်ယူစုဆောင်းထားသော တပ်သားပေါင်း လေးသောင်းနှစ်ထောင်နီးပါးရှိနေသည်။
ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို PNO ပြည်သူ့စစ်မှ ထိန်းချုပ်ထားသည်။
သုဝဏ္ဏခွန်
#MeKongNews
#ရှမ်းတောင်
#ပအိုဝ်း
#စစ်ကောင်စီ
#လစဥ်ကြေး
#စစ်မှုထမ်း
#ပေးဆောင်
#PNO
ပုံအညွှန်း- စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် စစ်အခြေခံ သင်တန်းဆင်းပွဲ








