မဲခေါင်၊ မတ် ၁
ရှမ်းပြည်နှင့် ကရင်နီပြည်နယ် နယ်စပ်တွင် စစ်ကောင်စီနှင့် ဖြစ်ပွားသည့်တိုက်ပွဲများ၌ ပအိုဝ်းပြည်သူ့စစ် – PNO/PNA တပ်ဖွဲ့ဝင် ၂၁ ဦးကို အသေဖမ်းမိပြီး လက်နက်အလက် ၃၀ ကျော်လည်း ရရှိခဲ့ကြောင်း ဖယ်ခုံ PDF – အမှတ် ၁၀၀၆ တပ်ရင်းက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ ၂ လတာ စစ်ဆင်ရေးအစီရင်ခံစာ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာတွင် အပိုင်း ၉ ပိုင်း ပါဝင်သည်။
ပြီးခဲ့သည့် ၂ လတာအတွင်း မိုးဗြဲ၊ လွယ်လုံ၊ ရေပူ၊ ရေဖြူတိုက်ပွဲများ အပါအဝင် စစ်ကောင်စီနှင့် ၁၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတစ်ကြိမ်၊ ဒေသတွင်းတိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဖယ်ခုံ ၁၀၀၆ PDF Drone force က စစ်ကောင်စီတပ် ခမရ-၄၂၂ ကို ၂ လတာအတွင်းတိုက်ခိုက်မှုတွင် စစ်ကြောင်းမှူး ၁ ဦးနှင့် ၅ ဦးအသေရရှိခဲ့သလို စုစုပေါင်း ၂၃ ဦးအထိ ချေမှုန်းနိုင်ခဲ့ကာ ၂၁ ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း တော်လှန်ရေးမဟာမိတ်အင်အားစုများဘက်မှ ရန်သူ့လက်နက် ၃၀ ကျော်ရရှိခဲ့ပြီး PNO ပြည်သူ့စစ် ၂၁ ဦးကို အသေရရှိကြောင်း ဖော်ပြထားသည်။
ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်းမှာ ပြည်သူများအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရသည့် သတင်းများအပေါ် ဆုံးဖြတ်ချက်မချဘဲ သတင်းမှန်ရရှိကာ တော်လှန်ရေးမည်သို့ခရီးဆက်နေသည်ကို သိရှိစေရန်အတွက်ဖြစ်ကြောင်း၊ နောင်တွင်လည်း လစဉ် အစီရင်ခံစာများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖယ်ခုံ PDF – အမှတ် ၁၀၀၆ တပ်ရင်း ပြောခွင့်ရသူက မဲခေါင်သတင်းကို ပြောသည်။
“တစ်ပြည်လုံးအတိုင်းအတာနဲ့ တော်လှန်နေရာမှာ ကိုယ့်ဒေသ ကိုယ့်နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ခိုက်နေနိုင်တာဟာ ပြည်သူတွေရဲ့ အထောက်အပံ့တွေနဲ့သာ ပန်းတိုင်ကို ရောက်မှာပါ၊ ပြည်သူတွေအနေနဲ့လည်း ဆိုရှယ်မီဒီယာပေါ်မှာတင် မဆုံးဖြတ်နေဘဲ တစ်ကယ့် သတင်းအမှန်တွေအပေါ်မှာ ဝေဖန်ဆုံးဖြတ်နိုင်ဖို့ အချက်အလက်တွေကို ထုတ်ပြန်တာပါ၊ သေချာတဲ့မှတ်တမ်းတွေရှိတယ်၊ မှားတာ ရှိရင်လည်း အလုပ်အတူလုပ်တဲ့တပ်ရင်းတွေက ဝေဖန်ပြောပေးနိုင်တဲ့အနေအထားရှိတယ်၊ ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်တွေ ဘယ်လိုသွားနေတယ်ဆိုတာ စောင့်ကြည့် ဝေဖန်ဆုံးဖြတ်နိုင်တာပေါ့၊ ဒီအစီရင်ခံစာတွေ လစဥ်ထုတ်ပြန်သွားဖို့ရှိပါ့မယ်” ဟု ၎င်းက ယနေ့ မတ်လ ၁ ရက် နံနက်ပိုင်းတွင် ပြောသည်။
ဖယ်ခုံ PDF အနေဖြင့် စခန်းသိမ်းတိုက်ပွဲ ၁ ကြိမ်၊ ဒေသတွင်းတိုက်ပွဲ ၁၈ ကြိမ်အပြင် ဒရုန်းတိုက်ပွဲများအနေဖြင့် မိုးဗြဲတွင် ၅၆ကြိမ်၊ ညောင်ရွှေမြို့နယ် လွယ်လုံတွင် ၂၈ ကြိမ်၊ ဆီဆိုင်မြို့နယ်၊ ရွှေတဂူစခန်းသိမ်းတိုက်ပွဲ ၆ ကြိမ်၊ ညောင်ရွှေမြို့နယ်၊ ရေပူ ၁ ၄ကြိမ်ဖြင့် စုစုပေါင်း ၁၀၄ ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။
တပ်ရင်းအနေဖြင့် သိမ်းဆည်းရမိသည့် လက်နက် ၈ လက်၊ PNO စစ်သုံ့ပန်း ၆ ဦးရှိခဲ့ပြီး တပ်ရင်းသို့ CDM လုပ်လာသူ ၈ ဦးနှင့် ပါရှိသည့်လက်နက် ၆ လက် ရရှိခဲ့ကြောင်း သိရသည်။
စစ်သုံ့ပန်းများအနက် အရွယ်မရောက်သေးသူ ကလေးသူငယ် ၁ ဦး ပါဝင်ကာ စိတ်ကျန်းမာရေး အခြေအနေဆိုးသွမ်းသူများ ပါဝင်နေကြောင်း တွေ့ရသည်ဟု ဆိုသည်။
အဆုံးအရှုံးထိခိုက်မှုအနေဖြင့် ဒရုန်း ၂ စင်းနှင့် ထောက်ပို့ကား ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး စိုးရိမ်ဒဏ်ရာရ ၅ ဦး၊ သာမန်ဒဏ်ရာရ ၁၂ ဦး၊ ကုသဆဲ ၄ ဦးရှိပြီး ကျဆုံး၊ အင်္ဂါစွန့်သူမရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ဖယ်ခုံ PDF တပ်ရင်း အပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် နယ်မြေများပြန်လည်ရရှိရန် နေ့စဥ်နှင့်အမျှ ထိုးစစ်ဆင်မှုများရှိနေပြီး အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးများ၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် အရပ်သားပြည်သူများအား ဖမ်းဆီးကာ တပ်တွင်း ညှဥ်းပန်းနှိပ်စက် စေခိုင်းမှုများရှိကြောင်း သိရသည်။
ကယ်ဆယ်ကုသရေးအနေဖြင့် အရပ်သားပြည်သူ ၂၄ ဦး ကို ကုသခဲ့ရသည်ဟု ဆိုသည်။
တော်လှန်ရေးတပ်များအနေဖြင့် မြေပြင်၊ ဝေဟင်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNO တို့ကို ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနှင့်ညောင်ရွှေမြို့နယ်များတွင် အပြင်းအထန်ခုခံတိုက်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တို့ ပူးပေါင်းကာ အင်အားသုံးထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်သည့်အတွက် စစ်ဘေးရှောင်ဦးရေမှာလည်း ၆၅၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း Pao Youth Organization ၏ စာရင်းများအရ သိရသည်။
မဟာ
#MeKongNews
#ဖယ်ခုံPDF
#၁၀၀၆တပ်ရင်း
#ပအိုဝ်းပြည်သူ့စစ်
#PNO
#ဖယ်ခုံ
#မိုးဗြဲ








