TNLA နှင့် ဆွေးနွေးပွဲပြီးနောက် နောင်ချိုကို စစ်ကောင်စီ ဗုံးကြဲ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ ရောက်သည့်နေရာတွင်အပစ်ရပ်ထားရန်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းတွင် TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲသည်။
ဖေဖော်ဝါရီလ ၁၉ ရက်ညပိုင်း ၈ နာရီခွဲခန့်တွင် ဘူတာရပ်ကွက်နှင့် နောင်ချိုပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာဖြင့်ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ယနေ့မနက်တွင်ထုတ်ပြန်သည်။
ဘူတာရပ်ကွက်အတွင်း ဗုံးကျရောက်ခဲ့ခြင်းကြောင့် ဒေသခံ နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ဆေးရုံပေါ်ဗုံးကျရောက်ခြင်းကြောင့် ဒေသခံတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၁၉ ရက်ညနေပိုင်း ၄ နာရီခန့်တွင် တရုတ်ပြည်၊ယူနန်ဒေသ၊ကူမင်းမြို့၌ TNLA တပ်ခေါင်းဆောင်များနှင့် စစ်ကောင်စီကိုယ်စားလှယ်တို့ဆွေးနွေးပွဲ ပထမအကြိမ်ပြီးဆုံးကြောင်းကြေညာပြီး နာရီပိုင်းအကြာတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်နှင့် နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် အချက် ၃ ညှိနှိုင်းဆွေးနွေးခဲ့သည်။
TNLA ကိုယ်စားလှယ်များ ဆွေးနွေးပွဲရောက်ရှိနေချိန် ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းကလဲ ကွတ်ခိုင်မြို့နှင့်နမ္မတူမြို့အစပ် မန်ဆာရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင်အပစ်အခတ်ရပ်စဲထားရန်ပါရှိသော်လည်း စစ်ကောင်စီဘက်မှာ ဆက်လက်တိုက်ခိုက်နေသည့်အပေါ် TNLA ပြောခွင့်ရပုဂ္ဂိုလ် မလွေးယေဉီးကို ဆက်သွယ်မေးမြန်းနေပေမဲ့ အကြောင်းပြန်ခြင်းမရှိသေးပေ။
ဂနိုက်
#MeKongNews








