မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာနှင့် မနီးမဝေး၌ ယမန်နေ့က စစ်ကောင်စီ၊ PNOပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် ဒေသတော်လှန်ရေးတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ငါးဦးထက်မနည်းသေဆုံးကာ PNO ပြည််သူ့စစ်တပ်သား စစ်သုံ့ပန်း လေးဦးနှင့် လက်နက်များကို ဒေသတော်လှန်ရေးအဖွဲ့က ရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ညနေ ၂ နာရီခွဲဝန်းကျင်တွင် ထီရီးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ရေပူကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
၃ နာရီခွဲဝန်းကျင်ကြာမြင့်သည့် ထိုတိုက်ပွဲ၌ စစ်သုံ့ပန်း လေးဦးနှင့်အတူ သေနတ် ငါးလက်၊ ကျည်ကတ် ကိုးကတ် သိမ်းဆည်းရမိသည်။
ဖမ်းမိထားသည့် စစ်သုံ့ပန်းလေးဦးကို ကောင်းမွန်သည့်နေရာတွင်ထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ်(၁၀၀၉)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောသည်။
သူက “ကောင်းကောင်းမွန်မွန်ထားထားပြီး ကျွန်တော်တို့ရဲ့ သုံ့ပန်းမူဝါဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်ဗျ” ဟု ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် အကြိမ် ၅၀ ခန့် ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးတပ်များ အောင်မြင်စွာ ခုခံနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူပေါင်းအဖွဲ့မှ အကျအဆုံးများဖြင့် ထီရီးကျေးရွာထဲသို့ ပြန်လည်ဆုတ်ခွာသွားကာ လက်ရှိမြေပြင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း ယနေ့ မွန်းလွဲပိုင်း နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရေပူကျေးရွာကို လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
သုဝဏ္ဏခွန်
#MeKongNews
#အင်းလေးဒေသ
#ညောင်ရွှေမြို့နယ်
#ရေပူရွာ
#တိုက်ပွဲဖြစ်








