မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၆
အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ နှစ်ဘက်ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်၊ ကူမင်းသို့ရောက်ရှိနေစဉ် ယမန်နေ့(ဖေဖေါ်ဝါရီ ၁၅)တွင် စစ်ကောင်စီက နောင်ချိုမြို့နယ်ကိုလက်နက်ကြီးဖြင့် ၁၃၇ ကြိမ်ပစ်ခတ်ခဲ့သလို Y-12 ယာဉ်ဖြင့် ဗုံး ၃၈ လုံးကြဲခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာများကို စစ်ကောင်စီ၏ တောင်ခမ်းအခြေစိုက် အမြှောက်တပ်များမှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လက်နက်ကြီး အလုံးရေ ၁၃၇ လုံး ပစ်ခတ်ခဲ့သည်။
ထိုနောက် နေ့လယ် ၂ နာရီကျော်ခန့်တွင် နာဆွေကျေးရွာကို Y-12 လေယာဉ်ဖြင့် ဗုံး ၃၈ လုံး ကြဲချခဲ့ပြန်သည်ဟု TNLA က ယမန်နေ့ကထုတ်ပြန်သည်။
နောင်ချိုမြို့နယ် တောင်ခမ်းနှင့် မန်ကျည်းရေရွာ၌ အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်နှင့် ကွပ်ကဲမှုလက်အောက်ခံ အမတ(၃၅၄)၊ အမတ(၂၀၆)၊ အမတ(၄၀၆)တပ်များ အခြေစိုက်တည်ရှိနေသည်။
တရုတ်အစိုးရ၏ စီစဉ်ချက်အရ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် TNLA မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျာဦးစီးအဖွဲ့ ယမန်နေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ရောက်ရှိနေခိုက် စစ်ကောင်စီက ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
TNLA က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးစီးကာ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ကိုးဦးနှင့် စစ်ကောင်စီဘက်မှ ကိုးကန့်တပ်နှင့်အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်အဖွဲ့သည် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ယနေ့ဆွေးနွေးကြမည်ဖြစ်သည်။
ယခုလ ၁၀ ရက်တွင်လည်း မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ဗုံးအလုံးရေ ၂၀ ခန့် ကြဲချခဲ့သဖြင့် ဒေသခံ ငါးဦး သေဆုံးကာ ၁၉ ဦးဒဏ်ရာရရှိခဲ့သည်။
#MeKongNews
#နောင်ချိုမြို့နယ်
#စစ်ကောင်စီ
#ဗုံးကြဲ
#လက်နက်ကြီးပစ်








