မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
ပြန်ပေးဆွဲခြင်းနှင့် ခိုးဆိုးလုယက်အပါအဝင် ရာဇဝတ်မှု ပေါများသည့် မူဆယ်မြို့ဒေသခံတချို့ မန္တလေးသို့ ပြောင်းရွှေ့နေထိုင်သူများပြားလာသည်ဟု ဒေသခံများကပြောသည်။
အဓိအားဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည် မူဆယ်မြို့ ပြန်ပေးဆွဲဂိုဏ်းသည် ငွေကြေးချမ်းသာသည့်လူတန်းစားကိုသာဦးခြင်းမဟုတ်ပဲ လူလတ်တန်းစားများအထိပါ ပြန်ပေးဆွဲငွေတောင်းနေသဖြင့် မန္တလေးဘက်ကိုပြောင်းရွှေ့ကြခြင်းဟုဒေသခံကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ ဓမ္မာရုံနှင့် နတ်စင်လမ်းထောင့်ရှိ နှစ်ထပ်တိုက်၊ အိမ်ဆိုင်မှ အသက်၁၈နှစ်အရွယ် လူငယ်တစ်ဦးကို ညနေ ၅ နာရီခန့်တွင် Mark2 ကားဖြင့် အိမ်ထဲအထိ ဝင်ရောက်ကာ ပြန်ပေးဆွဲခဲ့ရာ ကျပ်သိန်း ၁၈၀ ပေးပြီး ပြန်ရွေးခဲ့ရသည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“သိန်း၅၀၀ တောင်းတာ၊ တောင်းတောင်းပန်ပန်နဲ့ ၁၈၀ ပေးရွေးရတယ်၊ ရှိတာလည်း မိန်းမချည်းပဲဆိုတော့ ကလေးပြန်ရရချင်းပဲ အိမ်ကပစ္သည်းအကုန်တင်၊ အိမ်ပိတ်ပြီး မန္တလေးပြေးပြီ” ဟုမဲခေါင်သတင်းဌာနကို ဒီနေ့(ဖေဖော်ဝါရီ၁၀) နံနက်ပိုင်းက ပြောသည်။
ငွေရပြီးနောက်ပြန်ပေးဆွဲခံရသသည့် လူငယ်ကို မြို့လယ် ကမ္ဘောဇဘဏ်(၁) အနီး၌ နေ့လယ်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်။
ယခင်က ပြန်ပေးဆွဲမှုများကို အမှောင်ချိန်များတွင်သာ ကျူးလွန်ကြသော်လည်း ယခုအခါ နေ့အချိန်များတွင်ပင် ကျူးလွန်လာကြသလို ပြန်လွှတ်ရာတွင်လည်း ယခင်က စွမ်စော် သင်္ချိုင်းဘက်ကဲ့သို့ လူအသွားအလာ နည်းပါးသည့်နေရာများတွင်သာ ပြန်လွှတ်လေ့ရှိသော်လည်း ယခုနောက်ပိုင်း မြို့လည်ခေါင်တွင် ပြန်လွှတ်ပေးသည်အထိ အတင့်ရဲလာကြပြီဖြစ်သဖြင့် ငွေကြေးရှိသူ တချို့မန္တလေးဘက်သို့ ပြောင်းရွှေ့ကြပြီဟု ပြောသည်။
“ မူဆယ်မှာ မနေရဲကြတော့အထိ ဖြစ်လာနေပြီ၊ ရပ်ကွက်ထဲက လူငယ်တွေကတော့ အုပ်စုလိုက်တုန့်ပြန်နိုင်ဖို့ လုပ်လာကြပြီ၊ အုပ်ချုပ်ရေးပိုင်းနဲ့လည်း ပေါင်းထားရတယ်၊ ဖြစ်လာရင် အထောက်အကူဖြစ်ဖို့” ဟု ဟိုနားရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကိုပြောသည်။
လွန်ခဲ့သည့် နှစ်လခန့်က မူဆယ်မြို့၊ တော်ရဃက်ရပ်ကွက်နေသူတစ်ဦးပြန်ပေးဆွဲခံရကာ ကျပ်သိန်းငါးထောင်တောင်းသည်ကို ကျပ်သိန်း၁၈၀၀ ဖြင့်ဈေးညှိ ပြန်ရွေးပြီးနောက် ပြန်လွှတ်ပေးရာတွင် မန်မိုင်ရွာသွားသည့် လမ်းဘေးချောက်ထဲပစ်ချခဲ့သည်။
“ငွေတောင်းတဲ့ပုံစံက ရှေ့တန်းသွားရတော့မှာမလို့ အမြန်ငွေပေးဖို့တောင်းတာမျိုးနဲ့ စစ်တပ်ကပဲ လုပ်သလိုလိုတောင်းတာ”ဟု ပြောသည်။
လက်ရှိ မူဆယ်မြို့၌ ရှမ်းပြည်အရှေ့ပိုင်း ၊ မိုင်းယောင်းအခြေစိုက် ခမရ (၃၃၄)က လုံခြုံရေးယူထားသလို ပြည်သူ့စစ် အဖွဲ့များကို မြို့မပြည်သူ့စစ်အဖွဲ့ ၁၊ ၂၊ ၃ အဖြစ်ပြန်လည်ဖွဲ့စည်းကာ ပြည်သူ့စစ်များနှင့်အုပ်ချုပ်ရေးပိုင်းမှ မြို့တွင် အေးချမ်းနေသယောင်အားကစားပွဲ၊ နှစ်သစ်ကူးပွဲ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေကြကြောင်း သိရပါသည်။
စစ်ကောင်စီ၊ ရဲနှင့် လုံခြုံရေးအဖွဲ့များစွာရှိနေပေမယ့် ပေါ်ပေါ်ထင်ထင် ကျူးလွန်သနေသည့် ရာဇဝတ်မှုများကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။
မဟာ
#MeKongNews
#မူဆယ်မြို့
#ပြန်ပေးဆွဲဂိုဏ်း
#ပြည်သူ့စစ်
#မန္တလေး








