မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၀
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC) က ၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း ရန်ပုံငွေကျပ် သိန်း ၅၀၀၀၀ ကျော်ထဲမှာ ပြည်ထဲရေးဌာန အတွက် ကျပ်သိန်း ၁၅၀၀၀ ကျော်နှင့် လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးဌာနအတွက် ကျပ်သိန်း ၁၃၀၀၀ ကျော်အသုံးပြုကာ စီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့သည်ဟု ယနေ့(ဖေဖော်ဝါရီ ၁၀) ထုတ်ပြန်သည်။
ပြည်ထဲရေးဌာန အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဟူဘော၊ ကေးလျား၊ ဒီးမော့ဆိုအရှေ့၊ ဖွံဘော်ခွတ်၊ ဆိုမို/ဖေစိုးလေး၊ ဟိုယာ၊ ဆိုတရှား၊ လွိုင်နန်းဖ၊ ဒီးဘောင်းခူ၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ပေါ်ဝေါ၊ ဘောဟူဒဲ၊ လိုမူခို၊ ရွာသစ်၊ ဖယ်ခုံ စတဲ့ မြို့နယ်များတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲစခန်း ၁၆ ခု၊ ရဲကင်း ၁၆ ခုနှင့် မြို့နယ်ရဲဌာနရုံး ငါးခု ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။
ထို့အပြင် အရပ်သား ၅၀ ဦးနှင့် ရဲဘော် ၅၂၀ ဦးကို အရေးပေါ်ကယ်ဆယ်မှုများပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးမှု ၇၂ မှု၊ စစ်ကောင်စီတပ်နှင့် ပတ်သတ်မှု ၂၅ မှု၊ ခိုးမှု ၁၁ မှု၊ လူသတ်မှု လေး မှု၊ မုဒိမ်းမှု တစ် မှု၊ အခြားအမှု ၂၂ မှု စုစုပေါင်း အမှူ ၁၄၉ မှုကို ကိုင်တွယ်နေပြီး ပြစ်ဒဏ်ချမှတ်ပြီး ၂၄ မှု၊ ရုံးတင်စစ်ဆေးမှု ၅၉ မှု၊ ရဲစစ်ဆေးမှု ၅၂ မှုရှိသည်။
လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနအနေဖြင့် စစ်ရှောင်စခန်း ၃၉၉ စခန်း၊ လူဦးရေ ၉၇၂၃၁ ဦးအတွက် ဆန်၊ ဆီ၊ ဆားများ ဝေမျှခဲ့သလို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ လူဦးရေ ၁၀၅၀၀၀ အတွက် ဆန်၊ ဆီ၊ ဆား၊ တဲအိမ်၊ မိုးကာ၊ ဝါး၊ အိမ်သာ၊ သောက်သုံးရေ၊ အိုးခွက်ပန်းကန်နှင့် အခြေခံ လူသုံးကုန်ပစ္စည်းများလည်း ဝေမျှဖြန့်ဖြူးခဲ့သည်ဟု ဆိုသည်။
လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရးအပိုင်းကိုလုပ်ဆောင်နိုင်ခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးမှုများနှင့် ဖြည်းဖြည်းချင်းစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်အကန့်အသတ်၊ ငွေကြေးအရင်းအမြစ်အကန့်အသတ်များရှိသလို နည်းပညာအခက်အခဲများကလည်းစိန်ခေါ်မှုရှိကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားကပြောသည်။
“ဒါပေမယ့် ပြည်သူလူထုနဲ့အတူ ကျွန်တော်တို့ အများကြီးလုပ်နိုင်တယ်လို့ မြင်မိပါတယ်၊ စိန်ခေါ်မှုတွေ တိုက်ပွဲတွေရှိနေပေမယ့် လုပ်စရာရှိတာ လုပ်ရတော့ ပြီးပြည့်စုံတဲ့စနစ် ဟုတ်ချင်မှ ဟုတ်ဦးမယ်၊ အများကြီး ပြုပြင်တာတွေလည်း ဆက်ရှိနေမှာပါ”ဟု ဦးဗညားကပြောသည်။
IEC အနေဖြင့် ရံပုံငွေ စုစုပေါင်း သိန်း ၅၆၀၀၀ ကျော်ရရှိခဲ့ရာမှာ အခွန်ငွေမှ ၃၁ ရာခိုင်နှုန်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှဝင်ငွေ ၂၈ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ထည့်ဝင်ငွေ ၂၈ ရာခိုင်နှုန်း၊ အခြား ဝင်ငွေ ၁၂ ရာခိုင်နှုန်းဖြစ်သည်။
၂၀၂၄ ခုနှစ်တနှစ်တာအတွင်း စုစုပေါင်းရရှိသော ရံပုံငွေ သိန်း ၅၆၀၀၀ ကျော်ထဲမှ ပြည်ထဲရေးဌာနအတွက် ၂၈ ဒဿမ ၄ ရာခိုင်နှုန်း၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာနအတွက် ၂၄ ဒဿမ ၇ ရာခိုင်နှုန်း၊ ကျန်းမာရေးဌာနအတွက် ၇ ဒဿမ ၈ ရာခိုင်နှုန်း၊ တရားရေးဌာနအတွက် ၇ဒဿမ ၃ ရာခိုင်နှုန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပို့ဆောင်ဆက်သွယ်ရေးဌာနအတွက် ၆ ဒဿမ ၅ ရာခိုင်နှုန်း၊ ပညာရေးဌာနအတွက် ၆ ဒဿမ ၃ ရာခိုင်နှုန်း၊ ဦးစီးကောင်စီအတွက် ၅ ဒဿမ ၅ ရာခိုင်နှုန်း၊ စီမံကိန်းနှင့် အခွန်ဌာနအတွက် ၅ ရာခိုင်နှုန်း၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနအတွက် ၄ ဒဿမ ၁ ရာခိုင်နှုန်း၊ တရားစီရင်ရေးအတွက် ၂ ဒဿမ ၈ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဌာနအတွက် ၁ ဒဿမ ၅ ရာခိုင်နှုန်း၊ အရေးပေါ်ရံပုံငွေ ၀ ဒဿမ ၉ ရာခိုင်နှုန်းတို့ကို စီမံခန့်ခွဲ့ အသုံးပြုခဲ့သည်ဟု သိရသည်။
မြူနှင်း
#MeKongNews
#IEC
#ကရင်နီပြည်
#ပြည်ထဲရေး
#လူသားချင်းစာနာ








