ယခုနှစ်အတွင်း နောင်ချိုကို စစ်ကောင်စီ လေးကြိမ်မြောက်ဗုံးကြဲ၊ ယနေ့ဖြစ်စဉ်တွင် ဘိုးဘွားရိပ်သာပေါ် ကျရောက်ပေါက်ကွဲ
မဲခေါင်၊ ဖေဖော်ဝါရီ ၆
ယုခုနှစ်၊ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေးကြိမ်မြောက်အဖြစ် ဒီနေ့(ဖေဖေါ်ဝါရီ ၆)နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က သပြေရေရပ်ကွက်ရှိ သံသရာအေးဘိုးဘွားရိပ်သာကို ဗုံးကြဲခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘိုးဘွားရိပ်သာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြံကားမောင်းနှင်လာသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ တစ်ဦးကပြောသည်။
“ သပြေရေရပ်ကွက်ထဲမှာ သံသရာအေးစေတီရှိတယ်၊ အဲ့စေတီနဲ့ကပ်လျက်မှာဘိုးဘွားရိပ်သာ၊ အဲ့ဒီကိုကြဲသွားတာ၊ သပြေရေရွာက ကျေးရွာဆိုပေမဲ့ မြို့ပေါ်မှာရှိတာပါ၊ ဗုံးလာကြဲတော့ ဗုံးစထိတာ တစ်ယောက်ဒဏ်ရာရတယ် “ဟုသူကပြောသည်။
ဒဏ်ရာရရှိသူကို ဒေသခံတွေက ဆေးကုသရန်ကူညီပို့ဆောင်မှုများပြုလုပ်ခဲ့ကြောင်း TNLA ကလည်း ယနေ့ ညနေပိုင်းသတင်းထုတ်ပြန်သည်။
လေကြောင်းရန်ကြောင့်ဒေသခံထိခိုက်မှုများပြားနေတာကြောင့် TNLA အနေနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေသည့်အပေါ် TNLA ပြောခွင့်ရပုဂ္ဂိုလ်ကိုမေးမြန်းရာ တစုံတရာပြန်လည်ပြောဆိုခြင်းမရှိပေ။
ဇန်နဝါရီ ၂၁ ရက်၊ နေ့လယ် ၂ နာရီ ၁၆ မိနစ်ခန့်တွင် စစ်ကောင်စီကနောင်ချိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာအမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းပျက်ဆီးသွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအပြီး ၁၀ မိနစ်အကြာတွင် နောင်ချိုမြို့ အနောက်တောင်ဘက် ကုန်းကြီးမကျေးရွာကို စစ်ကောင်စီက ဗုံး တစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် နှစ်လုံးပျက်စီးခဲ့သည်။
ဇန်နဝါရီ ၂၂ ရက် ၊ နံနက် ၁၁ နာရီ၊ ၃၀မိနစ်ခန့်တွင်လဲ နောင်ချိုမြို့ စျေးရပ်ကွက် ကိုစစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲခဲ့တာကြောင့် ပါရမီလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများ၊ စားသုံးသူများအပါအဝင် ကိုးဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံးနှင့် လက်ဖက်ရည်ဆိုင်ပျက်စီးခဲ့သည်။
ဇန်နဝါရီလ တစ်လတာအတွင်း TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံး ကြိမ် ပြုလုပ်ခဲ့ပြီး ၁၀ ဦးထက်မနည်းသေဆုံးကာ ခုနှစ်ဦး ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။
ယခုနှစ်တွင် စစ်ကာင်စီက ယခုတစ်ကြိမ်အပါအတင် နောင်ချိုကို ဗုံးလေးကြိမ်ကြဲခဲ့ပြီးဖြစ်သည်။
စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်ရာမှာ စစ်ရှုံးနေသောကြောင့် ပြည်သူအပေါ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖေဖော်ဝါရီ ၄ ရက်တွင် မဲခေါင်ကိုပြောသည်။
နောင်ချိုမြို့နှင့်မိုင် ၂၀ ခန့်သာ ကွာဝေးသော စစ်ကောင်စီအမြှောက်စခန်း ကွပ်ကဲမှုဌာနအခြေစိုက် တောင်ခမ်းဒေသကို TNLA နဲ့တော်လှန်ရေးတပ်တွေပူးပေါင်းထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေသည်။
ဂနိုက်
#MeKongNwes









