အသက်ကန့်သတ်ချက်တိုးမြင့်ကာ OWIC ကတ် လုပ်ပေးခြင်း ရပ်ဆိုင်းခဲ့သဖြင့် တာချီလိတ်အပါအဝင် နယ်စပ်ဂိတ်တွေကနေ ပြည်ပထွက်ဖို့ခက်ခဲလာ
မဲခေါင်၊ ဖေဖော်ဝါရီ ၃
စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေထုတ်ပြန်ပြီးနောက် အလုပ်အကိုင် (PJ) ပတ်စ်ပို့နှင့် ပြည်ပထွက်ခွာသူများကို OWIC ပြည်ပ အလုပ်အကိုင်အခွန်ဆောင်ကတ် လုပ်ပေးခြင်းရပ်ဆိုင်းခဲ့သဖြင့် နယ်စပ်ဂိတ်တွေကနေ ထွက်ဖို့ ခက်ခဲလာပြီဖြစ်ကြောင်း ပြည်ပခရီးသွားအကျိုးဆောင်ကုမ္ပဏီများနှင့်OWIC လုပ်ခွင့်မရသူတွေထံက သိရသည်။
ပြည်ပ နိုင်ငံများ၌ တရားဝင် အလုပ်သွားလုပ်ကြမည့်အမျိုးသားများကို ယခင်ကအသက်၂၃နှစ်မှ ၃၁နှစ်အထိ ကန့်သက်ခဲ့ရာက ယခု အသက် ၁၈ ကနေ ၃၅နှစ်အထိ ဇန်နဝါရီ ၃၀ ရက်ကစတင် ပြောင်းလဲ ကန့်သတ်ခြင်းကြောင့် ထိုကန့်သတ်ချက်အတွင်းအကျုံးဝင်သူများ OWIC ကတ် ရိုက်ခွင့်မရချေ။
“ တာချီလိတ် အနေနဲ့ PJ တွေကို OWIC မပါရင်ပေးမဖြတ်တော့ပါဘူး၊ ရစ်တာကတော့ တာချီလိတ်လေဆိပ်က စရစ်တာ၊ ၅မျဉ်းစောင်း ၊၈ မျဉ်းစောင်းတွေဆိုတအားရစ်ပဲ” လို့ တာချီလိတ် ခရီးသွားလုပ်ငန်းတစ်ခုက မဲခေါင်သတင်းဌာနကို ပြောသည်။
Workload ပိုင်း အခက်အခဲမရှိသော်လည်း အဓိကမြန်မာဘက်အခြေအနေတွေကြောင့် စစ်ကိုင်းတိုင်းမှတ်ပုံတင် ၅ မျဉ်းစောင်း နှင့် မကွေးတိုင်းမှတ်ပုံတင် ၈ မျဉ်းစောင်း အတွက်ပိုမိုခက်လာသည်ဟု ပြောသည်။
လေဆိပ်၌ ကျန်းမာရေးဖောင်ဖြည့်တာကအစ တာချီလိတ် တည်းခိုသည့်လိပ်စာပေးရသည်အဆုံး ဘတ်ငွေ၅၀၀(ကျပ် ၆သောင်း)အနည်းဆုံး ပေးနေရသည်ဟု ဆိုသည်။
“ စစ်တပ်ကတော့ ပြည်ပထွက်ခွင့်တွေ ပိုတင်းကြပ်ပြီး တိုင်းပြည်ကို ထောင်လုပ်လိုက်တာ၊ ကြက်ခြံထဲကကြက်နဲ့ ကြက်ခြင်းထဲကကြက်တွေလို အဓမ္မလုပ်နေတာ၊ စစ်ထဲမပါတာဆိုလို့ကလေးနဲ့ လူအိုတွေရယ် စစ်ကောင်စီအသိုင်းအဝန်းက ကင်းလွတ်ခွင့်ရသူပဲကျန်တော့တယ်”ဟု နိုင်ငံရေးလှုပ်ရှားတက်ကြွသူတစ်ဦးကပြောသည်။
OWIC ကတ်ဖြင့်ပြည်ပထွက်လုပ်သားများထံက ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ မဖြစ်မနေ လွှဲပြောင်းပေးရန် စစ်ကောင်စီက ပြည်ပအလုပ်အကိုင် အေဂျင်စီများသို့ စာချုပ်ချုပ်ဆိုထားရန်ညွှန်ကြားထားသဖြင့် ပြည်ပအလုပ်လုပ်ခွင့်ရသူများ OWIC ကတ်ကို မလုပ်မဖြစ် လုပ်ဆောင်နေရခြင်းဟုသိရသည်။
ယင်းသို့ ပြည်ပက ပြန်လည်လွှဲပြောင်းပေးပို့စေရန်လည်း ပြည်ပ ၁၆ နိုင်ငံသို့ ငွေလွှဲအေးဂျင့်များကို လိုင်စင်ချပေးကာ စေလွှတ်ထားကြောင်းသိရသည်။
“ ပြည်ပက အလုပ်သမားတွေအနေနဲ့ စစ်တပ်ခန့် ငွေလွှဲအေးဂျင့်တွေဆီက လွှဲရင်တော့ စစ်တပ်အားပေးတာ ဖြစ်မှာပဲ” လို့ ပြည်ပရောက် အလုပ်သမားဝန်ဆောင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေကို အဓမ္မပြဌာန်းပြီး တိုင်းပြည် ၏အရွယ်ကောင်းလူငယ်တွေသာမကလူရွယ် လူကြီးတွေကိုပါ အဓမ္မစစ်ကျွန်ပြုနေသည့်သဖြင့် စစ်တပ်က ကင်းလွတ်သူတွေမှာ ကလေးသူငယ်၊ လူအိုများနှင့် စစ်ကောင်စီအသိုင်းအဝန်းမှာသာရှိကြောင်း ပြည်သူက ဝေဖန်နေကြပါသည်။
မဟာ
#MeKongNews








