မဲခေါင်၊ ဖေဖော်ဝါရီ ၂
ရှမ်းပြည်တောင်ပိုင်း၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ဇန်နဝါရီ၊ နောက်ဆုံးပတ်မှစတင်ကာ အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်ယူရာတွင် အထက်တန်းကျောင်းသူတွေလည်းပါဝင်နေသည်ဟု သတင်းအရင်းအမြစ်များကပြောသည်။
တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဟဲဟိုး၊ ကလောနှင့် ရပ်စောက် ဒေသများ၌ အပတ်စဉ်( ၁) အမျိုးသမီးစစ်မှုထမ်းအတွက် အကျုံးဝင်သူ စာရင်းကောက်ယူနေခြင်းဖြစ်ပြီး အခြေခံပညာ အထက်တန်းကျောင်းတက်ရောက်နေဆဲ ကျောင်းသူများပါမကျန် စာရင်းကောက်ယူနေခြင်းဖြစ်သည်။
“ ကျွန်တော်ညီမက ၁၂ တန်းတက်နေတုန်းပဲရှိသေးတယ်၊ အဲဒါလည်း အကျုံးဝင်တယ်ဆိုပြီး စာရင်းကောက်သွားတယ်၊ တခြားရပ်ကွက်တွေကို မေးကြည့်တော့လည်း သူတို့ဆီမှာလည်း ကောက်သွားတယ်လို့ပြောလာတယ်”ဟု ဟဲဟိုးဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်ယူနေခြင်းကြောင့် ဒေသတွင်းရှိ လူငယ်အမျိုးသမီးများနှင့် မိဘတွေအကြား စိုးရိမ်ပူပန်မှုများစွာဖြစ်ပေါ်နေသလို နိုင်ငံခြားရောက်ရှိနေသူတွေပါ စာရင်းကောက်ယူနေပြီး အကယ်၍ စစ်မှုထမ်းသင်တန်းအတွက် ရွေးချယ်ခံရပါက ပြန်လည်ဆင့်ခေါ်ရမည်ဟုပြောသည်။
“ထိုင်းမှာ အလုပ်သွားလုပ်နေတာ၊ စာရင်းကောက်တဲ့အထဲတော့ နာမည်ပါသွားတယ်၊ ချက်ချင်းတော့ သင်တန်းတက်ရမှာမဟုတ်ဘူး၊ အခုက စာရင်းပဲကောက်သေးတာတဲ့၊ တကယ်လို့ မဲပေါက်ရင်တော့ ပြန်ခေါ်ပေးရမယ်လို့ ပြောသွားတယ်” ဟုတောင်ကြီးဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၌ အမျိုးသမီး စစ်မှုထမ်းစာရင်းကောက်ယူရာမှာ အသက် ၁၈ ကနေ ၃၀ အတွင်း အမျိုးသမီးအများစုပါဝင်နေပြီး တောင်ကြီး၊ ဟိုပုံး၊ ရပ်စောက်မြို့နယ်များမှာ အလျင်အမြန် ကောက်ယူနေဆဲဖြစ်သည်။
ပအိုဝ်းပြည်သူ့စစ် (PNO) ထိန်းချုပ်နယ်မြေများ၌ အမျိုးသမီး စစ်မှုထမ်းသင်တန်းကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း တစ်ကြိမ်ကောက်ယူပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပါဘူး။
သူရိန်
#MeKongNews
#ရှမ်းပြည်တောင်ပိုင်း
#အမျိုးသမီး
#စစ်မှုထမ်းစာရင်း
#ကျောင်သူတွေပါဝင်








