ကရင်နီ၊ ဇန်နဝါရီ ၂၇
ဒီနေ့(ဇန်နဝါရီ၂၇) ညနေရရှိတဲ့ သတင်းအရ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွါးနေတဲ့ မိုးဗြဲမြို့နယ်ထဲမှာ နေ့လယ် ၁၂ ခွဲခန့်က စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသားသုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လက်နက်ကြီး လေးလုံးခန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး လမ်းမပေါ်ကျရောက်ပေါက်ကွဲတာကြောင့် လမ်းသွားလမ်းလာတွေ ထိခိုက်ခဲ့တာလို့ ဒေသခံကပြောပါတယ်။
“ကံလို့ပဲပြောရမယ်၊ လမ်းသွားနေရင်း ဘေးနားကျတာဆိုတော့လည်း၊ တိုက်ပွဲက အနားမရောက်လာသေးတာရယ် အိမ်မှာ ဝက်မွေး နွားမွေးထားတာမလို့ မရွှေ့ချင်တာရယ်ပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မိုးဗြဲ မြို့ အခြေစိုက် ခမရ (၄၂၂) အနီးမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့အကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်ပါတယ်။
မနေ့က(ဇန်နဝါရီ ၂၆) ညနေ ၃ နာရီကျော်မှာလည်း ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း ဒေါတခြားကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေးကြိမ်ပစ်ခတ်တာကြောင့် အသက် ၈ နှစ်အရွယ် ကလေး နှစ်ဦးထဲက တစ်ဦးလက်မောင်းနဲ့ ကျောကုန်းအစပ်နားထိခိုက်မိပြီး တစ်ဦးက လက်ဖမိုးထိခိုက်ကာ နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
“သူတို့က အစကတည်းက လူမဆန်တဲ့လုပ်ရပ်ကို ဆက်တိုက်ကျူးလွန်နေတာလေနော၊ အခုလည်း ပြည်သူလူထုနေတဲ့နေရာ ရွာမှာ ဆက်တိုက် လက်နက်ကြီး ထုနေတာ အပြစ်မဲ့ ပြည်သူတွေကလည်း ဒဏ်ရာရကြတာပေါ့လေး” လို့ ကယားလီဖုလူငယ်က တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ အဲ့ဒီနေရာကို စစ်ကောင်စီတပ်ရဲ့ လွိုင်ကော်အမြောက်တပ်ကနေ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂၅ ရက်ကလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ၁၀ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ဈေးဆိုင်ခန်းတဆိုင်၊ ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် နှစ်အစကစပြီး လွိုင်ကော်မြို့နဲ့အနီးတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထိတ်လန့်နေကြပါတယ်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကစပြီး မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အားဖြည့်တင်းပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
CJ-004
#MeKongNews
#မိုးဗြဲမြို့
#တိုက်ပွဲပြင်းထန်
#အမျိုးသားသုံးဦးသေဆုံး
#ခြောက်ဦးဒဏ်ရာရ








