မဲခေါင်၊ ဇန်နဝါရီ ၂၄
ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ၊ဖယ်ခုံမြို့နယ်စပ်က စစ်ဘေးရှောင်ပြည်သူတွေ သောက်ရေသုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်လာတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်ကူညီပေးသူတွေဆီက သိရပါတယ်။
ကရင်နီဒေသက မူလကတည်းက ရေရှားပါးတဲ့ဒေသဖြစ်ပြီး မိုးရာသီမှာ ရေကိုသိုလှောင်သိမ်းဆည်းကာ တနှစ်ပတ်လုံး ပြန်လည်အသုံးပြုကြရတာပါ။ ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ဘေးရှောင်ပြည်သူတွေ များပြားလာတဲ့အခါ ရေအသုံးများပြီး သိုလှောင်ထားတဲ့ရေတွေ ကုန်ခမ်းတာမြန်တဲ့အပြင် ရေထွက်ရာနေရာတွေကိုလည်း သွားလာရခက်ခဲတာတွေ ကြုံတွေ့နေရပါတယ်။
“ချိုးဖို့ရေတောင် ရှားတာဆိုတော့လေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးလည်း ထိခိုက်တယ်၊ စိတ်ထဲမှာတော့ ဘယ်နေ့ဘယ်ရက် ငတ်မလဲမသိဘူး၊ သားသမီးကို ဘယ်လိုလုပ်ကျွေးရမလဲ မသိဘူး၊ အလုပ်အကိုင်လည်း မရှိဘူးကော” လို့ ဒီးမော့ဆိုက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စားနပ်ရိက္ခာအနေနဲ့လည်း အလှူရှင်လာရောက်လှူဒါန်းတာတွေ နည်းပါးလာကာ လွန်ခဲ့တဲ့ တစ်လ နှစ်လအတွင်း အလှူရှင်လာရောက်လှူဒါန်းခြင်းမရှိတဲ့ စစ်ရှောင်စခန်းတွေလည်း ရှိနေပါတယ်။
“ရိက္ခာပိုင်းမှာ တစ်နှစ်နဲ့ တစ်နှစ် သိသာတယ်၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျွန်တော်တို့ စောင်တွေကော ရေပုံးတွေကောပေါ့၊ အိမ်ထောင်စု တစ်စုဆိုရင် အသေးအမွှားလေးကအစ ပေးနိုင်ခဲ့တယ်၊ ဒီနှစ်ကျတော့ စောင်နဲ့ အနွေးထည်တွေပဲ ပေးနိုင်တယ်” လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ Karenni Hope က ကိုလွှမ်းက ပြောပါတယ်။
ဒီးမော့ဆိုနဲ့ ဖယ်ခုံနယ်စပ်မှာ စစ်ဘေးရှောင် ၉၄၀၀ဝ ကျော်၊ အိမ်ခြေ ၂၂၅၀၀ ကျော်အထိရှိနေကာ စစ်ဘေးရှောင်ကာလ သုံးနှစ်ကျော်လာတဲ့အထိ တစ်နှစ်ထက် တစ်နှစ် စားနပ်ရိက္ခာခက်ခဲတာတွေ၊ သောက်ရေသုံးရေခက်ခဲတာတွေ၊ ဆေးဝါးလိုအပ်တာတွေနဲ့ တကိုယ်ရည်သန့်ရှင်းရေး အားနည်းတာတွေရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။
CJ-004
#MeKongNews
#ဒီမော့ဆို
#ဖယ်ခုံ
#စစ်ရှောင်စခန်း
#ရေနဲ့စားနပ်ရိက္ခာ








