မဲခေါင်၊ ဇန်နဝါရီ ၁၈
ဥပဒေစိုးမိုးမှု ကျဆင်းနေတဲ့ မြန်မာနိုင်ငံထဲကို တရားမဝင်သတ္တုတူးဖေါ်ဖို့နဲ့ ကျားဖြန့်လုပ်ကိုင်ဖို့အတွက် တရုတ်နိုင်ငံသားအများအပြား စစ်ကောင်စီဂိတ်တွေကို ငွေပေးကာ ရှမ်းပြည်အရှေ့ ‘ဝ’ မြောက်ပိုင်း ပန်ဆန်းနဲ့ ‘ဝ’ တောင်ပိုင်း မိုင်းဆတ်ဘက်ကနေ ဝင်ရောက်နေပါတယ်။
စစ်ကောင်စီရဲ့လမ်းဂိတ်တွေကို ကျပ်သိန်းရာချီပေးကာ အလွယ်တကူဝင်ရောက်လာတာလို့ ဒေသလိုင်းအလွတ်ဆွဲကားသမားတစ်ဦးက ပြောပါတယ်။
ဥပဒေ စိုးမိုးမှုကျဆင်းနေတဲ့မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံသားတွေအတွက် စီးပွါးရေးဇုန်ပမာဖြစ်နေတာကြောင့် ငွေကြေးချမ်းသာသူတွေက တရားဝင်ရင်းနှီးမြှုတ်နှံလုပ်ကိုင်ကြပေမယ့် ငွေကြေးချို့တဲ့သူတွေက အခုလို တရားမဝင်လုပ်ငန်းတွေလုပ်ဆောင်ဖို့ အရင်းအနှီးကို ချေးငှားကြရတယ်လို့ သိရပါတယ်။
“သူတို့ပြောတာတော့ တရုတ်ပြည်မှာ အသက်ပေါင်ပေး ငွေချေးပြီးလာကြတာလို့ပြောတယ်၊ ရွှေဖောင်ဆို တစ်လ သိန်း ၂၀၀ လောက်ကျန်တယ်” လို့ ရှမ်းအရှေ့ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားအချင်းချင်း ပြောစကားကိုကြားခဲ့ရတဲ့ လိုင်းကားမောင်သူက ပြောပါတယ်။
မြန်မာနိုင်ငံထဲကို တရားမဝင်နည်းနဲ့ ဝင်ရောက်တာဖြစ်ပေမယ့် ချောချောချူချူဖြစ်ဖို့အတွက် သူတို့ချေးယူလာတဲ့ ငွေထဲက တစိတ်တပိုင်းကို လမ်းစရိတ်နဲ့ စစ်ကောင်စီဂိတ်တွေကို ပေးရတာပါ။
တရုတ်နိုင်ငံသား တစ်ဦးကို ကျိုင်းတုံအရောက် ခရီးစရိတ်ယွမ်တစ်သောင်း (ကျပ်သိန်း ၆၀) ကျော် ရှိနေပြီး မိုင်းဆတ်ဘက်ကို ယွမ်ငါးထောင် (ကျပ်သိန်း ၃၀) ကျော်အထိ ရှိတယ်လို့ သိရပါတယ်။
ကျိုင်းတုံကိုလာတဲ့လမ်းကြောင်းမှာ မိုင်းလား-ဝမ်တာပင်း-ကျိုင်းတုံပုံမှန်လမ်းကြောင်းက ၅၆ မိုင်ရှိပြီး ‘ဝ’ ဒေသ မိုင်းပေါက်ကနေ ဆီလူး၊ မိုင်းယန်းမြို့ရှောင်လမ်းကနေ ဝမ်တာပင်းဂိတ်အထိ ၂၅ မိုင်ကျော်ပဲရှိလို့ အဆင်ပြေဆုံးလမ်းဖြစ်တယ်လို့ ပြောပါတယ်။
UWSA ထိန်းချုပ်နယ်မြေအဆုံး စစ်ကောင်စီဂိတ်စတင်တဲ့ မိုင်းယန်းကစပြီး ကျိုင်းတုံထိ ဂိတ်ပေါင်း ၁၀ ခုထက်မနည်းရှိကာ တာချီလိတ် မိုင်းဆတ်အထိ အနည်းဆုံး ၅ ဂိတ်ရှိပြီး အဲ့ဒီဂိတ်တွေကို ငွေပေးပြီး ဖြတ်ကျော်ရတာပါ။
“ဂိတ်တွေက ကြမ်းခင်းစျေး သတ်မှတ်ပြီးသား ၊ တစ်ခုပဲရှိတယ် ဂိတ်တာဝန်လူအချိန်းအပြောင်းမှာ ထပ်ညှိရတာတွေရှိပေမယ့် အဆင်ပြေတာများပါတယ်” လို့ သူကပြောပါတယ်။
လက်ရှိမှာ ရှမ်းအရှေ့ကို တရုတ်နိုင်ငံသားတွေ ဝင်ရောက်တာများပြားနေလို့ လိုင်းကားတွေ လူအပြည့်မရမှာ စိတ်ပူစရာမလိုတော့ဘူးလို့ လိုင်းကားမောင်းသူက ပြောပါတယ်။
“အခု တရုတ်နှစ်သစ်ကူးမတိုင်မီ အဆွဲကောင်းနေတယ်” လို့ သူကပြောပါတယ်။
ကျိုင်းတုံ မှ မိုင်းဆတ်ဘက်ကို မိုင်းခုတ်လမ်းကြောင်းနဲ့ တာချီလိတ် လမ်းကြောင်း နှစ်ခု ရှိသလို တာချီလိတ်ကနေ ရေလမ်းကြောင်းကလာတဲ့လမ်းကြောင်းလည်း ရှိတယ်လို့ သိရပါတယ်။
ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ ရေရွှေလုပ်ငန်းအတွက်ဆိုရင် မိုင်းပျဉ်းနဲ့ မိုင်းဆတ်မြို့နယ် သံလွင်မြစ် လွယ်ချိုရွာ ကူးတို့ဆိပ်ဘက်သွားကြပြီး မြေရွှေလုပ်ငန်းအတွက်ဆိုရင် မိုင်းခုတ်၊ မိုင်းဆတ်၊ မိုင်းတုံအထိ သွားကြတယ်လို့ သိရပါတယ်။
ရေရွှေဆိုတာ သံလွင်မြစ်ကြမ်းခင်းသဲတွေကို စုပ်စက်နဲ့တင်ပြီး ဇကာချကာရွှေယူတဲ့ ရွှေဖောင်လုပ်ငန်းဖြစ်ပြီး သံလွင်မြစ်ကြောင်းတစ်လျှောက် မိုင်းပျဉ်း လွယ်ချို တာပဲ့ ကူးတို့ဆိပ်ကနေ မိုင်းဆတ်၊ မိုင်းတုံ၊ တာဆွတ်တိန်း ကူးတို့ဆိပ်အထိ ရွှေကျင်နေကြတာလို့ သိရပါတယ်။
တာချီလိတ်၊ မိုင်းဆတ်လမ်းမှာ လွိုင်ဆမ်ဆုံတောင်ကနေ ရာဘာတောတွေကိုဖြတ်ဆင်းပြီး ‘ဝ’တောင်ပိုင်းကနေ ထိုင်းနယ်စပ် မိုင်းကျွတ်ထိသွားသူတွေကိုလည်း ကားနဲ့ပို့ဆောင်ခဲ့ဖူးတယ်လို့ ဒေသခံကားသမားတစ်ဦးက ပြောပါတယ်။
“အခု မိုင်းခုတ်ဘက်နဲ့ မိုင်းတုံဘက် မြေရွှေကတော့ နေရာပေါ်မှာမူတည်တယ် ဆိုတယ်၊ မိုင်းကျွတ်ဘက်ကတော့ သူတို့စကားအရ ကျားဖြန့်ဖြစ်မလား မသိဘူး၊ နားထောင်ရတာ၊ မေးလို့မကောင်းဘူး၊ သူတို့အဆက်အသွယ်ကလည်း မေးရင် မကြိုက်ဘူး” လို့ ကားမောင်းသမားက ပြောပါတယ်။
ဒေသသတင်းတွေမှာတော့ တရုတ်လူမျိုး ရာချီဟာ သံလွင်မြစ်အတွင်းနဲ့ မိုင်းခုတ်၊ မိုင်းဆတ်၊ မိုင်းတုံဘက်မှာ ရောက်ရှိလာနေပြီး မြေရှား၊ ရွှေနဲ့ ကျားဖြန့်လုပ်ငန်းတွေ တရားမဝင်လုပ်နေကြတယ်လို့ ဆိုကြပါတယ်။
မိုင်းတုံ ထိုင်းနယ်စပ်ကျောက်တိုင် အမှတ်(၂)အနီးမှာရှိတဲ့ မိုင်းကျွတ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ရရှိဖို့ စစ်ကောင်စီရဲ့ MYTEL အော်ပရေတာက အင်ဂျင်နီယာတွေ သွားရောက်လုပ်ဆောင်တာတွေရှိနေတာကြောင့် အဲ့ဒီဧရိယာတစ်ဝိုက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပေမယ့် မဲခေါင်အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
“နားကောင်းမူး ဘက်မှာ အရင်ကထက် တရုတ်တွေ ပိုများလာတယ်။ ဖုန်းလိုင်းတွေ၊ ဖုန်းတိုင်တွေ၊ မီးစက်ကြီးတွေ သယ်နေကြတာ တွေ့ရတယ်”လို့ နားကောင်းမူး ဒေသခံတစ်ဦးကပြောပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ လားဟူပြည်သူ့စစ်ထိန်းချုပ်ရာ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ အရှေ့ဘက်၊ မယ်ဆိုင်မြစ်အထက်ပိုင်းမှာ စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းကစတင်ကာ ရွှေတူးဖော်မှုတွေ အကြီးအကျယ် တိုးချဲ့လာနေကြောင်း ပါရှိခဲ့ပါတယ်။
ရှမ်းအရှေ့မှာ ရွှေ၊ မန်းဂနိစ်နဲ့ မြေရှားသတ္တုကို တရားဝင်တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီပေါင်း ၈၁ ခုရှိတဲ့အပြင် အဆိုပါကိန်းဂဏန်းဟာ တရားဝင်ကုမ္ပဏီတွေသာဖြစ်ပြီး တရားမဝင်တဲ့ကုမ္ပဏီတွေ အများကြီးရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ပြောပါတယ်။
MK-012
#MeKongNews
#ရှမ်းပြည်အရှေ့ပိုင်း
#တရုတ်နိုင်ငံသား
#တရားမဝင်
#စစ်ကောင်စီဂိတ်








