မဲခေါင်၊ ဇန်နဝါရီ ၁၈
မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း ဂေါက်ကွင်းလမ်းတလျှောက် အသစ်ဖွင့်လှစ်မယ့် လမ်းဘေးပျံ့ကျဈေး Tachileik Night Market ကို သွားလာရလွယ်ကူပြီး ကျယ်ဝန်းတဲ့ ရှမ်းရိုးမကွင်းထဲမှာဖွင့်လှစ်ပေးဖို့ ဒေသခံတွေက လိုလားကြပါတယ်။
လက်ရှိ ဂေါက်ကွင်းလမ်းတလျှောက် အသစ်ဖွင့်လှစ်မယ့် လမ်းဘေးပျံ့ကျဈေး Tachileik Night Market နေရာဟာ လမ်းနယ်နိမိတ်ကျဉ်းမြောင်းတာ၊ လူနေရပ်ကွက်နဲ့ အလှမ်းဝေးတာကြောင့် ခိုးဆိုးလုယက်မှုဖြစ်ပွားနိုင်တာအပြင် လမ်းရေမြောင်းတွေကို ဆိုင်ခန်းနေရာအတွက် မြေဖို့၊ မြေညှိနေတာတွေကြောင့် မိုးရာသီမှာ ရေကြီးရေလျံမှုဖြစ်ပေါ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘယ်သူက ဂေါက်ကွင်းအထိ လိုက်ဝယ်မှာလဲ၊ ခိုးဆိုးလုနှိုက်တွေ အဆင်ပြေအောင်လုပ်ပေးနေသလိုပဲ၊ တချို့ကိစ္စတွေ ပြောလို့မကောင်းဘူး” လို့ တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်မှ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တံတားမီးပွိုင့်အထိနဲ့ လေယာဉ်ကွင်းလမ်းဆုံးအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးလမ်းဘေးတလျှောက် အစားအသောက်၊ အဝတ်အထည်နဲ့ လူသုံးကုန် ပစ္စည်းတွေရောင်းချနေကြတဲ့ ပျံ့ကျဈေးသည်တွေကို ဖယ်ရှားပြီး Tachileik Night Market အဖြစ် ဂေါက်ကွင်းလမ်းတလျှောက် တစ်နေရာတည်းမှာရောင်းချနိုင်ဖို့ တာချီလိတ်မြို့ စည်ပင်သာယာရေးကော်မတီက စီစဉ်နေတာပါ။
“ဈေးသည်တွေအများကြီး ဂေါက်ကွင်းပို့မယ်ဆိုတော့ ဘယ်နေရာ ဘယ်လိုရောင်းကြမလဲမသိဘူး၊ ဈေးက ရောင်းမကောင်းရတဲ့ကြားထဲ မြို့ပြင်ထွက်ရောင်းရမလိုဖြစ်နေပြီ ” လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဂေါက်ကွင်းလမ်းမှာ ညဈေးအဖြစ်စီမံဖွင့်လှစ်ပေးရာမှာ ဈေးရောင်းချလိုသူတွေအနေနဲ့ တာချီလိတ် ညဈေးကြီးကြပ်မှုကော်မတီထံ စာရင်းပေးသွင်းရမှာဖြစ်ပြီး သတ်မှတ်လျှောက်လွှာပုံစံနဲ့ အောင်မြတ်ခန်းမမှာ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ဈေးရောင်းချခွင့်လျှောက်ထားသူတွေကိုတော့ ဇန်နဝါရီ ၂၁ ရက်မှာ တာချီလိတ်ညဈေး ကြီးကြပ်မှုကော်မတီက အောင်မြတ်ခန်းမအတွင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ တာချီလိတ်မြို့၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ လမ်းဘေးပျံကျညဈေး Tachileik Night Market မှာ ဈေးရောင်းချလိုတဲ့ ဈေးသည်တွေအပေါ် ကောက်ခံမယ့် ငွေကြေးနှုန်းထားတွေနဲ့ ရောင်းချခွင့်ရရှိရန် လျှောက်ထားရမယ့် လျှောက်လွှာကုန်ကျငွေ နှုန်းထားတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် အသိပေးကြေညာထားတာမျိုး မရှိပါဘူး။
ဂေါက်ကွင်းလမ်းတလျှောက် Tachileik Night Market ညဈေး ဖွင့်လှစ်ပြီးပါက လက်ရှိမြို့တွင်း ပုန်းထွန်ရပ်ကွက်၊ အမှတ် (၁) တံတားအဝိုင်းမှ အမှတ် (၂) တံတားမီးပွိုင့်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် လမ်းဘေး ဝဲ/ယာ နေရာတွေမှာ ဈေးရောင်းချနေကြတဲ့ ပျံကျဈေးသည်တွေအနေနဲ့ ဆက်လက်ရောင်းချခွင့်ရရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
CJ-017
#MeKongNews
#တာချီလိတ်
#ညဈေး
#ဂေါက်ကွင်းလမ်း
#ရှမ်းရိုးမကွင်း








