မဲခေါင်၊ ဇန်နဝါရီ ၁၂
ရှမ်းပြည်နဲ့ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာနဲ့ ဟန်ပို့ကျေးရွာတွေကို စစ်ကောင်စီက ဒီနေ့(ဇန်နဝါရီလ ၁၂ ရက်) မနက် ၁၁ နာရီခန့်ကစပြီး ဗုံး လေးလုံးဆက်တိုက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကြဲချတဲ့ဗုံး လေးလုံးမှာ လအိကျေးရွာနဲ့ ဟန်ပို့ကျေးရွာအနီးကို နှစ်လုံးကျကာ ဟန်ဘူးကျေးရွာဘောလုံးကွင်းနားကို နှစ်လုံးကျရောက်ခဲ့ပါတယ်။ ဟန်ဘူးကျေးရွာ စာသင်ကျောင်းရဲ့ ဘောလုံးကွင်းနဲ့အနီးကို နှစ်လုံးကျရာမှာ တစ်လုံးက မကွဲပါဘူး၊ လူနေထိုင်ရာနဲ့ အလှမ်းဝေးရာကို ကျရောက်ပေါက်ကွဲတာကြောင့် အိမ်တစ်လုံး အစိတ်အပိုင်းတချို့ အနည်းငယ်ပျက်စီးတာကလွဲပြီး လူထိုခိုက်မှု မရှိဘူးလို့ ကနဦးသိရပါတယ်။
“အကြမ်းဖျဉ်းကတော့ လအိနဲ့ ဟန်ဘူးကြားမှာ အရင်တုန်းက စခန်းလေးတွေရှိတယ်၊ အဲ့ဒီစခန်းကို လာကြဲတာထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစခန်းဟာ ၂၀၂၂ ခုနှစ်က တခြားနေရာကို ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
လအိကျေးရွာနဲ့ ပတ်ဝန်းကျင်မှာ စစ်ရှောင်စခန်းတွေ တည်ရှိနေတာဖြစ်ပြီး တော်လှန်ရေးတပ်စခန်းတွေရှိနေတယ် ဆိုတဲ့ ယူဆချက်နဲ့ မကြာခဏဆိုသလို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာပါ။
ဇန်နဝါရီလ ၃ ရက်ကလည်း လအိရွာအနီးက ပီကင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကနေ ၂၀၂၅ နှစ်အစပိုင်းအထိ ကရင်နီပြည်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်လောက်ပြုလုပ်ခဲ့ကာ လွိုင်ကော်အရှေ့ခြမ်း၊ ဒီးမောဆိုအနောက်ခြမ်းနဲ့ ဖယ်ခုံအနောက်ခြမ်းတို့ကို ကျရောက်ခဲ့တယ်လို့ ကရင်နီဒေသအခြေစိုက် ကရင်နီလူထုအသံသတင်းဌာနရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
MK – 016
#MeKongNews
#ဖယ်ခုံမြို့နယ်
#လအိကျေးရွာ
#စစ်ကောင်စီ
#ဗုံးကြဲ








