မဲခေါင်၊ ဇန်နဝါရီ ၁၂
နှစ်ဘက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးမျှော်လင့်နေတဲ့ TNLA က ရက်ပေါင်း ၄၉ ရက်အကြာမှာ တော်လှန်ရေးအင်အားစုများနဲ့ ဟန်ချက်ညီလက်တွဲပူပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီနေ့ရက်စွဲနဲ့ စစ်ကြေညာလိုက်ပါတယ်။
တွေဆုံဆွေးနွေးရေးကမ်းလှမ်းချက်ထုတ်ပြန်ပြီး ၄၅ ရက်အကြာ ဇန်နဝါရီ ၈ ရက်မှာ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးအလုံး ၃၀ ဝန်းကျင်ကြဲချပြီး ၄ ရက်အကြာ ဇန်နဝါရီ ၁၂ မှာအခုလိုစစ်ကြေညာတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ရရှိထားတဲ့ တအာင်းပြည်သူလူထုရဲ့ တော်လှန်ရေးအသီးအပွင့်ကို ရေရှည် ထိန်းသိမ်းထားနိုင်ရေးအတွက် မြန်မာပြည်တဝှမ်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကိုအပြီးတိုင်ချေမှုန်းတော်လှန်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ကြေညာတာပါ။
တအာင်းပြည်ဒေသအတွင်း နေ့စဉ်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်နေတဲ့ပြည်သူကို ငဲ့ညှာတဲ့အနေနဲ့ရော၊ တရုတ်အစိုးရရဲ့ ကြိုးပန်းမှုကို အသိအမှတ်ပြုတာတွေကြောင့် နှစ်ဘက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ TNLA က ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာထုတ်ပြန်တာပါ။
တအာင်းအမျိုးသား တော်လှန်ရေး (၆၂)နှစ်ပြည့်တဲ့ ဇန်နဝါရီလ ၁၂ ရက်မှာ အခုလိုစစ်ကြေညာချက် ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းပြည်အနှံ့အပြားမှာရှိ ပြည်သူလူထုရဲ့ စုပေါင်း တော်လှန်မှုကြောင့် ဘုံရန်သူစစ်အုပ်စုမှာ တိုက်ပွဲတိုင်းမှာအရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
အခုလို အကြီးအကျယ်စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေး၊ လူနေအိမ်အစရှိ တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာကို ဦးတည်ပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှိုးဖျက်ဆီးတာတွေအပါအဝင် သတ်ဖြတ်မှုတွေကိုပါဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြပါတယ်။
လက်ရှိ တအာင်းပြည်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တာဟာ တအာင်း တပ်မတော်၊ တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေနဲ့ တအာင်းပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့တဲ့တော်လှန် ရေးအောင်ပွဲကြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
TNLA အနေနဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ဦးဆောင်ရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အခြေခံပြီး တော်လှန်ရေးကာလအစိုးရ အစီအမံကိုအတည်ပြုကာ ‘ပြည်သူ့အစိုးရ’ တစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အသိပေး ထားပါတယ်။
တအောင်းပြည်ရှိ PSLF ယာယီဌာနချုပ်မှာ ၅ ရက်ကြာကျင်းပပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးအပြီး ပြီးခဲ့တဲ့ ဇန်နဝါ ရီ ၁၀ ရက်ကလည်း TNLA က တပ်မဟာ ၉ ခုအဖြစ်တိုးချဲ့ပြင်ဆင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေအဆင်ပြေ ချောမွေ့ စေဖို့ မြို့ ၁၈ မြို့ပါဝင်တဲ့ ခရိုင် ၅ ခုကို ပြင်ဆင်စုဖွဲ့မှုကို သဘောတူညီထားတယ်လို့ ကနဦးထုတ်ပြန်ထားပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုးကုတ်၊ သီပေါနဲ့ နောင်ချိုစတဲ့မြို့တွေအပါအဝင် တအာင်းတပ်မတော် အခြေစိုက်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို TNLA က လုပ်ဆောင်နေပါတယ်။
CJ-017
#MeKongNews
#TNLA
#စစ်ကောင်စီကို
#စစ်ကြေညာ
#တော်လှန်ရေး








