မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကို စစ်ကောင်စီက ဒီနေ့(ဇန်နဝါရီ ၁၀) မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲနေလို့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာဖြစ်ပြီး ညနေ ၅ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေယာဉ်နဲ့ ဗုံးကြဲတာလို့ သိရပါတယ်။
“ရှေ့ရက်က နည်းနည်းငြိမ်သေးတယ်၊ အခြေနေက လုံးဝမကောင်းဘူး၊ အကုန်နီးပါးရှောင်ကုန်ကြပြီ၊ သက်ကြီးပိုင်းနဲ့ မပြေးနိုင်သေးတဲ့သူတွေပဲကျန်တယ်” လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသခံတွေ ထိခိုက်မှုနဲ့ အဆောက်အအုံပျက်စီးမှု အခြေအနေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
လက်ရှိမှာ နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက် စစ်ကူပို့နေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပေမယ့် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်- DPLA ကို မေးမြန်ဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
CJ-003
#MeKongNews
#ကျောက်ဂူဒေသ
#စစ်ကောင်စီ
#ဗုံးကြဲ
#လက်နက်ကြီးပစ်








