မူဆယ်မြို့မှာဖြစ်ပွါးနေတဲ့ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေကို စစ်ကောင်စီက အရေးယူမှုမရှိ
မဲခေါင်၊ ဇန်နဝါရီ ၉
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေ နေ့စဉ်နဲ့အမျှဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူတာ မရှိဘူးလို့ ဖြစ်စဉ်ဖေါ်ပြပြီး TNLA ကထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပိုင်ရှင်မဲ့ ရုပ်အလောင်း ခြောက်လောင်း နဲ့ လုယက်ဓားပြတိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၉ ရက်မှာ ပိုင်ရှင်မဲ့ရုပ်အလောင်း နှစ်လောင်း၊ ဒီဇင်ဘာ ၁၂ ရက်မှာ သုံးလောင်းနဲ့ ဒီဇင်ဘာလ ၂၅ ရက်မှာ တစ်လောင်း၊ ၁၇ ရက်အတွင်းမှာတွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ခြောက်လောင်းဟာ မူးယစ်သုံးစွဲသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ ဆေးသမားတွေက ဆေးလည်းမရတော့တာနဲ့ ရာသီဥတု အအေးပြင်းတော့ သေကြမှာပဲ” လို့ မူဆယ်ဟိုမွန်ရပ်ကွက်နေသူ တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
လုယက် ဓားပြတိုက်မှုတွေလည်း ဒီဇင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ငါးရက်အတွင်းမှာ သုံးမှု ဖြစ်ပွါးခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၁ရက်က ဟိုမွန်ရပ်ကွက်မှာရှိတဲ့ အလှပြင်ဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ဦး ခေါင်းလျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက ကားရွေ့ပေးမယ်ဆိုပြီး ကားသော့တောင်းယူရာက ကားမောင်းထွက်ပြေးသွားခဲ့တာ ရှိခဲ့တယ်လို့ဆိုပါတယ်။
ဒီဇင်ဘာလ ၂၂ရက်က ပစ္စည်းသွားပို့တဲ့ အမျိုးသမီး နှစ်ဦး ရွှေသမင်ကုန်းအဆင်းနားရောက်စဉ် အမျိုးသား နှစ်ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်မှ ကားစီးလာတဲ့ တရုတ်အမျိုးသား နှစ်ဦးက ဈေးရောင်းတဲ့အမျိုးသမီး တစ်ဦးဆီက ငွေတွေ ဓားပြတိုက်သွားပါတယ်။
“ လုယက်နေကြတာကတော့ လူပြတ်တဲ့နေရာ၊ အလင်းရောင်နည်တဲ့ မနက်အစောနဲ့ ညပိုင်းတွေ အပြင်မထွက်ရဲသလောက်ပဲ၊ ထိန်းချုပ်တဲ့ တပ်တွေပြောင်းလဲ မထူးပါဘူး” လို့ မူဆယ် ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
လက်ရှိမှာ မူဆယ်ကို ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် စကခ(၁၄)နဲ့ မိုင်းဖြတ်အခြေစိုက် စကခ (၁၈) လက်အောက်ခံ ခမရ(၃၃၄ )က ဒုရင်းမှူးဦးစီးတဲ့ စစ်ကြောင်းတစ်ကြောင်းက ထိန်းချုပ်ထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံက သိရပါတယ်။
MK-012
#MeKongNews








