မဲခေါင်၊ ဇန်နဝါရီ ၈
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU အဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်နဲ့ ၂ဝ၂၂ ခုနှစ်တွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၃၀ ကျော်၊ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ အမှုပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် ၆၃ မှုအထိရှိတယ်လို့ BWU ရဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
“လိင်အမြတ်ထုတ်မှုတွေကို စစ်ကောင်စီတပ်ကဖြစ်စေ တော်လှန်ရေးဘက်ကဖြစ်စေ ကျူးလွန်သူတွေကို ဆက်ပြီး အရေးယူနိုင်ဖို့ ဖော်ထုတ်သွားမယ်” လို့ သူကပြောပါတယ်။
အမျိုးသမီးများ လိင်အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင်တဲ့အပိုင်းမှာ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတဲ့ကိစ္စကို တစ်ဖွဲ့တည်းလုပ်ဆောင်တာထက် အစုအဖွဲ့တွေပေါင်းပြီး ထုတ်ဖော်တာက ပိုထိရောက်မှုရှိတာကြောင့် လှုပ်ရှားမှုတွေကို အတူတကွ အကောင်အထည်ဖော် လုပ်ဆောင်တာတွေရှိတယ်လို့ BWU အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးက မဲခေါင်ကို ပြောပါတယ်။
တိုင်းပြည်ငြိမ်သက်နေချိန်မှာတောင် အမျိုးသမီးတွေ အကြမ်းဖက်ခံရတာရှိနေပြီး အခုလို တရားဥပဒေ စိုးမိုးမှု မရှိတဲ့အချိန်ကာလမှာ အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတဲ့အတွက် ကျားမ တန်းတူအခွင့်အရေးတွေ၊ ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေကို ပါဝင်လာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှာ စတင်ဖွဲ့စည်းတဲ့ BWU အဖွဲ့ဟာ ဇန်နဝါရီလ ၇ ရက်မှာ တည်ထောင်ခြင်း နှစ် ၃၀ ပြည့်ပြီဖြစ်ပါတယ်။ BWU ဟာ အမျိုးသမီးတွေအတွက် ရပ်တည်ပေးခဲ့ပြီး အာဏာသိမ်းခံရတဲ့ ကာလနောက်ပိုင်းမှာ လွတ်လပ်စွာ ကူညီခွင့်မရတာတွေနဲ့ လုံခြုံရေးအခက်အခဲတွေကြားကနေ အကြမ်းဖက်ခံရမှုတွေ၊ ကျားမခွဲခြားဆက်ဆံခံရမှုတွေအပြင် စစ်ရှောင်တွေအတွက် ကူညီထောက်ပံ့တာတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
CJ-004
#MeKongNews
#BWU
#မြန်မာအမျိုးသမီး
#လိင်အကြမ်းဖက်
#ပိုမိုများပြား








