မဲခေါင်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ‘ဝ’( UWSA) စစ်ဒေသ ၁၇၁၊ တပ်မဟာ(၇၇၅)နယ်မြေဖြစ်တဲ့ ဟွေအောမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ ဒီကနေ့(ဒီဇင်ဘာ ၂၀) လွှဲပြောင်းပေးပါတယ်။
ဒီကနေ့ မူးယစ်ဆေးလွှဲပြောင်းပေးအပ်တာ ၂၃ ကြိမ်မြောက်ဖြစ်ပြီး အခုနှစ်၊ ဇွန်လကနေ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေး ၂၁၈၂၃၃၉ ပြားနဲ့ ဘိန်းဖြူမှုန့် ၁၁၈ ပုလင်း လွှဲပြောင်းတယ်လို့ သိရပါတယ်။
“NLD လက်ထက်ကတော့ ဒေသခံတွေအပြင် နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ ဖိတ်ပြီးလုပ်တာ၊ ခုကျတော့ လွတ်လပ်ပွင့်လင်းမှုမရှိတော့ အကျဉ်းပဲလုပ်ရတာပေါ့” လို့ ‘ဝ’ တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
‘ဝ’ဒေသဟာ အာရှမှာ မူးယစ်ဆေးအများဆုံးထုတ်လုပ်တယ်လို့ နိုင်ငံတကာက စွပ်စွဲထားပါတယ်၊ ဒီစွပ်စွဲချက်ဟာ မဟုတ်ကြောင်းကို ၂၀၁၆မှာ ‘ဝ’ က ပြန်လည်ငြင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီပြီးရင် ‘ဝ’ ဟာ အင်အားအများဆုံး လက်နက်ကိုင်ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ အနောက်နိုင်ငံတွေက ယူဆကြပါတယ်။ ဒါပေမယ့် ‘ဝ’ကတော့ ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို မီဒီဘာတွေပါဝင်တဲ့ အခမ်းအနားနဲ့ စစ်ကောင်စီထံ ပြန်လည်အပ်နှံနေဆဲပါပဲ။
MK-012
#MekongNews
#UWSA
#မူးယစ်ဆေး
#စစ်ကောင်စီ
#လွှဲပြောင်း








