မဲခေါင်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်တောင်ပိုင်းဒေသမှာ တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၂ နာရီခန့်သာရရှိတဲ့အထိ အခြေအနေဆိုးဝါးနေလို့ ဒေသခံတွေအနေနဲ့ အခက်အခဲပေါင်းစုံရင်ဆိုင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ နောက်ဆုံးပါတ်ကနေ လက်ရှိအချိန်ထိ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေ၊ ပင်းတယ စတဲ့ဒေသတွေမှာ တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၂ နာရီခန့်သာရရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“စဝ်စံထွန်းရပ်ကွက်၊ နယ်မြေ ၁၆ ဖက်မှာဆို ၃ ရက် လုံးဝ မလာဘူး၊ မနေ့ကမှ ပြန်လာတာ၊ ဒါလည်း ၂ နာရီလောက်လာပြီး ပြတ်သွားတယ်၊ ဒီနေ့လည်း အဲဒီအတိုင်းပဲ၊ လာတဲ့အချိန်ကလည်း ည ၁၂၊ ၁ နာရီဆိုတော့ မီးလာတုန်း ရေတင်တာ၊ ထမင်းချက်ရတာ တော်တော်လေးဒုက္ခရောက်တယ်” လို့ တောင်ကြီးဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တစ်ရက် ၂ နာရီခန့်သာ လျှပ်စစ်မီးရရှိနေတာကြောင့် လျှပ်စစ်သုံးပြီး အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ အခက်ကြုံနေရသလို လျှပ်စစ်မီးကိုသာ အားထားပြီး ထမင်း၊ ဟင်းချက်ပြုတ်ရတဲ့ အခြေခံလူတန်းစားတွေအနေနဲ့လည်း အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“လူထုအုံကြွမှုဖြစ်အောင် မီး တမင်ဖြတ်တာလားမသိဘူး၊ လူအိပ်ချိန်ကြမှ မီးပေးတယ်၊ လာတဲ့အချိန်ကလည်း ထမင်းဟင်းချက်ချိန်၊ ရေတင်ဖို့၊ ဖုန်းအားသွင်းဖို့တောင် အချိန်မလောက်ဘူး၊ မီးကမလာ၊ စားစရာကရှား၊ မျက်နှာတွေမှာ ဒေါသတွေပဲ မြင်နေရတယ်” လို့ အောင်ပန်းဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်တဲ့အပြင် မီးလာတဲ့အချိန်မှာလည်း မီးအားမပြည့်တာ၊ မီးအားကျော်လွန်နေတာတွေ ရှိနေသလို မီးပြန်ပျက်မယ့် အချိန်အတိအကျ မသိရတာကြောင့် ရေတင်စက်၊ ထမင်းပေါင်းအိုးတွေနဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးမှာကို စိုးရိမ်ရပါတယ်။
CJ-003
#MekongNews
#ရှမ်းတောင်
#လှပ်စစ်ဓါတ်အား
#တစ်ရပ်
#၂နာရီသာရ








