မဲခေါင်၊ ဒီဇင်ဘာ ၃
ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဆိုင်ခွန်ကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့မနက် ၃ နာရီကနေစပြီး လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နွားကျောင်းသား တဦးသေဆုံးပြီး ထိခိုက်မိသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၃ နာရီကျော်ကနေ လေယာဉ်နဲ့ တကြိမ်ကို ဗုံး ၅ လုံးနှုန်း ၈ ကြိမ်ကြဲသွားတာကြောင့် နွားကျောင်းသားရဲ့ ဦးခေါင်းကိုထိပြီး သေဆုံးကာ လေးဦး ဒဏ်ရာရတဲ့အပြင် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကနဦး သိရပါတယ်။ အသေးစိတ်ကိုတော့ မဲခေါင်က ဆက်လက်စုံစမ်းနေဆဲပါ။
“မကြဲခင်က ဂျက်ဖိုက်တာနဲ့ လာပတ်သွားတယ်၊ စစ်ရှောင်(နွားကျောင်းသား)ကတော့ ပွဲချင်းပြီးပဲ။ ထိတဲ့သူတချို့လည်း ရှိတယ်” လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
စစ်ကောင်စီက ဒီတကြိမ်လာကြဲချိန်မှာ တကြိမ်တည်းချက်ချင်းကြဲသွားတာမျိုး မဟုတ်ဘဲ မိနစ်အနည်းငယ်ခြားပြီး ဗုံးကြဲတဲ့ ကြာချိန်က တနာရီနီးပါးရှိတယ်လို့ ဆိုပါတယ်။
“စစ်တိုက်သလို အလုံး ၄၀ လောက်ကြဲချတာကြုံဖူးတာက ဒါပထမဆုံးဆိုတော့ တော်တော်လေးကို လန့်သွားတယ်။ လေးငါးလုံး ကြဲတာတွေကြုံဖူးတာတောင် ဘယ်လိုပြေးရပုန်းရလဲဆိုတာ ကိုယ်တိုင်အသိဆုံးလေ၊ အလုံး ၄၀ ဆိုတော့ ပြေးလည်း လွတ်လမ်းမရှိဘူးလို့ တွေးမိပြီး စိတ်မကောင်းဖြစ်ရတယ်” လို့ ကျေးရွာအနီးနားက စစ်ရှောင်နေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေက လေယာဉ်သံကြားတာနဲ့ ကြောက်လန့်နေရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
ဖယ်ခုံအနောက်ခြမ်းက လအိကျေးရွာကိုလည်း နိုဝင်ဘာလထဲမှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတဦးသေဆုံးပြီး ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
CJ-004
#MekongNews
#စစ်ကောင်စီဗုံးကြဲ
#ဗုံအလုံး၄၀
#နွားကျောင်းသား
#တစ်ဦးသေဆုံး
#ဖယ်ခုံ
#ဆိုင်ခွန်ကျေးရွာ








