မဲခေါင်၊ ဒီဇင်ဘာ ၂
ဓနုအမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုအမျိုးသားကာကွယ်ရေးတပ်တော်(DSNDF/DSNDA)ရဲ့အပတ်စဉ်( ၃ ) သင်တန်းဆင်းပွဲကို နိုဝင်ဘာ၃၀ရက်က ဓနုဒေသတစ်နေရာမှာ အောင်မြင်စွာပြုလုပ်ခဲ့တယ်လို့ မနေ့(ဒီဇင်ဘာ၁) ကထုတ်ပြန်လာပါတယ်။
အဆိုပါသင်တန်းဆင်းပွဲမှာ စစ်ဦးစီးချုပ်က “စစ်ပညာသည် အာဏာရှင်ကိုတိုက်ထုတ်ရန်၊ မတရားမှုကိုတွန်းလှန်ရန် ဖြစ်ပြီး မိမိတတ်မြောက်ထားတဲ့စစ်ပညာနဲ့ ပြည်သူကိုတန်ဖိုးထားကာကွယ်ရန်အပြင် ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေလိုက်နာရန်၊ အမိန့်နဲ့အာဏာကို ခွဲခြားသိမြင်စေရန်နဲ့ တော်လှန်ရေးမှာ နေရာစွဲ လူမျိုးစွဲများ မထားရန်” မှာကြားပြီး တပ်ဖွဲ့ဝင်တွေရဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့ တာဝန်အသီးသီးကို ခွဲခြားပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
“ဒရုန်းသင်တန်းပါတယ်၊ စစ်သင်တန်းနဲ့ ရုံးပိုင်းသင်တန်းတွေ ပေးတာပါ၊ အမျိုးသမီးတပ်ဖွဲ့ဝင်တွေလလည်း ပါပါတယ်၊ ဆေးသင်တန်းကတော့ သီးခြားပေးပါတယ်” လို့ DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကျားပျံ က မဲခေါင်ကိုပြောပါတယ်။
တပ်ဖွဲ့မှာ စစ်အသုံးအဆောင်ပစ္စည်းတွေ အများအပြားလိုအပ်နေလို့ တော်လှန်ပြည်သူတွေအနေနဲ့ ကိုယ်တိုင်မပါဝင်တောင် DSNDA ကို ကူညီအားဖြည့်ပေးဖို့ ပြောကြားပါတယ်။
ဓနုအမျိုးသားကာကွယ်ရေးတပ်ဦး/ ဓနုအမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ကို စစ်အာဏာသိမ်းပြီးနောက် ဓနုဒေသနဲ့ ပြည်သူပြည်သားတွေ ဖိနှိပ်ချုပ်ချယ်ခံရမှုနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှုတို့ကြောင့် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့ မနှစ်(၂၀၂၃ ခုနှစ်)က နိုဝင်ဘာလ၊ ၂ ရက်မှာ ဖွဲ့စည်း တည်ထောင်ခဲ့တာလို့ သိရပါတယ်။
MK – 012
#MeKongNews
#DSNDA
#ဓနု
#ကျားပျံ
#စစ်အသုံးအဆောင်








