မဲခေါင်၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ စစ်မှုထမ်းမထမ်းမနေရ အပတ်စဥ် (၇) အတွက် လူထုထံက ကောက်ခံငွေဟာ ကျပ် ငါးသောင်းကနေ တစ်သိန်းခွဲအထိ သုံးဆ တိုးလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေအရ ရပ်ကွက်၊ ကျေးရွာအလိုက် လူစုဆောင်းပေးရတာဖြစ်ပြီး မလိုက်ချင်တဲ့ မိသားစုတွေအနေနဲ့ တစ်အိမ်ကို ကျပ်တစ်သိန်းခွဲအထိ တိုးကောက်လာတာလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခုကောက်တာ တစ်သိန်းခွဲတောင် ဖြစ်လာတယ်။ စစ်သားရှိတဲ့ စစ်တပ်မိသားစုတွေလည်း ပေးရတယ်။ သူငယ်ချင်းမိသားစုတွေဆီ လာကောက်တယ်။ တချို့က တခြားဒေသကနေ ပြောင်းလာတာ၊ အကုန်ပေးရတာပဲ” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ရပ်ကွက်အလိုက်ကောက်ခံတဲ့ပုံစံမတူကြဘဲ ကျိုင်းတုံ မြို့ပေါ် ရပ်ကွက် (၅) မှာတော့ ပထမဆုံး ကျပ်သုံးသောင်းကောက်ပြီး နှစ်လမကြာဘူး ကျပ်ငါးသောင်းပေးရသလို ဒီလိုငွေပေးရကြောင်း တခြားသူတွေကို မပြောဖို့ ပိတ်ပင်သွားတယ်လို့ ကျိုင်းတုံမြို့၊ နောင်ဖာရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။
ကျိုင်းတုံမြို့၊ နောင်ရေး ရပ်ကွက်တစ်မြို့မစျေးသားတစ်ဦးကလည်း “တချို့ ကလေးတွေ ရွာမှာနေရင် ဆွဲခံရမှာစိုးလို့ ကျောင်းအတက်ပြပြီး အဆောင်လာနေကြရတာတွေရှိတယ်။ ဒါလဲ အိမ်ကတော့ ငွေတစ်သိန်းခွဲအထိထည့်ရတာပါပဲ။ ကလေးတွေနဲ့ခွဲနေရ၊ ငွေပိုကုန်နဲ့ ဒုက္ခတွေ ရောက်နေကြတာ”လို့ မဲခေါင်ကို ပြောပါတယ်။
စစ်ကောင်စီစစ်မှုထမ်းဥပဒေအရ အသက်နဲ့ အကျုံးဝင်သူမရှိတဲ့အိမ်တွေလည်း အနည်းဆုံးကျပ်တစ်သောင်းကနေ စီးပွားရေးအခြေအနေအလိုက် ကျပ်ငါးသောင်းအထိကောက်ခံနေပြီး လူငှားထည့်ခကိုလည်း အရင်ကျပ်သိန်း ၁၀၀ ပေးရာကနေ အခုကျပ်သိန်း ၁၅၀ အထိ တိုးပေးနေတယ်လို့ ဒေသံခတွေက ပြောပါတယ်။
“အကျုံးဝင်သူတွေလဲ မရှိသလောက်ဖြစ်နေပြီ။ အုပ်ကြီးတွေနဲ့ စစ်တပ်နဲ့ပဲ လူပို့ လက်ခံလုပ်နေကြတာ၊ စာရင်းရှင်းတာလဲ တစ်ခါမှမရှိဘူး။ စားစရာမရှိ၊ လျော်စရာရှိ။ လူတွေ အရမ်းကို ကြပ်တည်းနေကြပြီ” လို့ စစ်မှုထမ်းအတွက် ငွေထည့်ရတာ ငါးကြိမ်ခန့်ရှိပြီဖြစ်တဲ့ ယန်းလောရပ်သားတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူ၊ သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူတွေကို အရေးယူဖို့ နေပြည်တော်မှာ နိုဝင်ဘာ ၇ ရက်ကပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက အမိန့်ပေးထားပါတယ်။
စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းရာမှာ စစ်ကောင်စီက နောက်တန်းတာဝန်သာ ထမ်းဆောင်ရမယ်ရှေ့တန်းမသွားရဘူးလို့ လိမ်ညာခေါ်ယူခဲ့ပေမယ့် သင်တန်ဆင်းတွေဟာ ရှေ့တန်းစစ်မြေပြင်တွေကို တိုက်ရိုက်ပို့ခံနေရလို့ သေတာများနေပြီလို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဥ် တစ် ကနေ ငါး အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေဟာ အပတ်စဉ် (၆) ကို ရောက်ရှိကာ အောက်တိုဘာ ၁၈ရက်က စတင် သင်တန်းတက်နေပြီး အခုကောက်ခံနေတာဟာ အပတ်စဉ် (၇) အတွက်ဖြစ်တယ်လို့ သိရပါတယ်။
MK – 012
#MeKongNews
#ကျိုင်းတုံ
#စစ်မှုထမ်း
#ငွေကောက်ခံ
#ရှမ်းအရှေ့
Photo – MOI








