မဲခေါင်၊ နိုဝင်ဘာ-၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက ကာလရွာကို စစ်ကောင်စီတပ်က မနေ့ည ၁၁ နာရီခန့်မှာလေကြောင်းနဲ့ လေးကြိမ်ဗုံးကြဲခဲ့လို့ ပြည်သူ နှစ်ဦး သေဆုံးကာနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့လို့ အရှေ့ကာလရွာမှ ပြည်သူ နှစ်ဦး သေဆုံးပြီး ကားသုံးစီးနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ပွဲမကဘူး(တိုက်ပွဲ မဖြစ်ဘူး)၊ လေယာဥ်နဲ့ကြဲသွားတာ၊ လူသူအိပ်နေချိန်မှ တမင်ကြီးလုပ်သွားတာ” လို့ ဒေသခံတွေနဲ့ နီးစပ်တဲ့ ကိုငယ်လေးက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲခံရလို့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး သေဆုံးသူတွေက နောင်သိမ်(ရှမ်းရွာ)က ဖြစ်တယ်လို့ သိရပါတယ်။
ဖယ်ခုံအရှေ့ခြမ်းက ကာလရွာမှာ အရင်က တိုက်ပွဲဖြစ်ပွားတာတွေလည်း မရှိခဲ့ဘဲ တောင်ယာ၊ လယ်၊ ပြောင်း စိုက်ပျိုးပြီး နေထိုင်တဲ့ရွာကို စစ်ကောင်စီက အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဖယ်ခုံမြို့နယ်ထဲက ဗန်းမောက်ရွာဖက်မှာလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေရှိနေပြီး ရွာမှာရှိနေတဲ့ လူငယ်အမျိုးသား ၃၀ ဦးကို ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေးဖို့ဆိုပြီး ဒီနေ့မနက်က ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CJ-004













