မဲခေါင်၊ နိုဝင်ဘာ ၃
တာချီလိတ်နဲ့ မယ်ဆိုင် ၂ နိုင်ငံနယ်စပ်စည်မျဉ်းတစ်လျှောက်က မယ်ဆိုင်ချောင်းဘေး ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်တချို့မှာ မြန်မာဘက်ခြမ်းက မြေပေးမိန့် စာရွက်စာတမ်းတွေထုတ်ပေးထားတာ ရှိနေတယ်လို့ အဆောက်အဦပိုင်ရှင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
တာချီလိတ်-မယ်ဆိုင်ဧရိယာအတွင်း ဆိုးရွားတဲ့ ရေကြီးနစ်မြုပ်မှုအပြီး မယ်ဆိုင်ချောင်းနယ်နမိတ်အတွင်း ကျူးကျော်ထားတဲ့ လူနေအိမ်နဲ့ အဆောက်အအုံတွေ ဖယ်ရှားရေးအတွက် ၂ နိုင်ငံ အာဏာပိုင်တွေရဲ့ ဆွေးနွေးချက်အရ ဖျက်ရမယ့်အထဲမှာ မြန်မာဘက်ခြမ်းက လူနေအိမ်နဲ့ ဂိုဒေါင်ပေါင်း ၈ ခုအပြင် အုတ်တံတိုင်းခြံစည်းရိုးနဲ့ ဆီပန့် ဆီသိုလှောင်ကန်တွေလဲပါဝင်နေတာဖြစ်ပါတယ်။
အဲဒီဖျက်ရမယ့် အဆောက်အဦတချို့မှာ မြေစာရင်းပုံစံ ၁၀၅ အပြင် မြေပေးမိန့်နဲ့ မြေငှါးဂရန်လို့ စာရွက်စာတမ်းတွေ ရှိနေပြီး အဓိကကတော့ ခေတ်အဆက်ဆက်ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လာဘ်ငွေရယူပြီး ခွင့်ပြုခဲ့တာကြောင့်ဖြစ်တယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ထိုင်းကပေးလာတဲ့ စာရင်းအရဆိုရင် ဖျက်ရမယ့် အဆောက်အဦထဲမှာ စာရွက်စာတမ်းရှိတဲ့ အိမ်တွေတောင်ပါတယ်။ ဆီပန့်ဆိုရင် မြေဂရံမရှိဘဲ လုပ်လို့မှမရတာ၊ အဓိက ဌာနဆိုင်ရာတွေ သေချာအလုပ်မလုပ်ခဲ့တာ။ အရင်က နယ်နိမိတ်နှစ်တိုင်းစစ်နေတာဘဲ၊ အခုမှ ဖြစ်ကြတာ တစ်ဖက်နဲ့တစ်ဖက်လက်ညှိုးထိုးနေကြတာ၊ ပိုင်ရှင်တွေကတော့ နာတာပေါ့” လို့ သူက ပြောပါတယ်။
မြန်မာအာဏာပိုင်တွေရဲ့ တင်ပြချက်အရ ထိုင်းဘက်က ကျူးကျော်အဆောက်အဦတွေမှာ ဘုန်းကြီးကျောင်းရဲ့ အစိတ်အပိုင်းတချို့နဲ့ လူနေအိမ် ၂ လုံးရဲ့ ခြံစည်းရိုးတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ပြောပြချက်အရ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်ကျေးရွာအုပ်စုအတွင်းက နှစ်နိုင်ငံနယ်နိမိတ်မှာလည်း လယ်နဲ့ သီးနှံစိုက်ဧရိယာအဖြစ် ၂ ဖက်ကျူးကျော်မှုတွေရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ တာချီလိတ်-မယ်ဆိုင် နယ်စပ်တလျှောက်မှာ မြန်မာ-ထိုင်း ၂ ဖက် နယ်မြေကျူးကျော်ထားတာနဲ့ပါတ်သတ်ပြီး အောက်ခြေအဆင့် ပြန်လည်တိုင်းတာကာ ကျူးကျော်ထားတာတွေကို ဖျက်ဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
MK-002








