မဲခေါင်၊ နိုဝင်ဘာ ၁
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ မူးယစ်စစ်ဆေးရေးဂိတ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေအတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး လမ်းခရီးနှောင့်နှေးမှု ကြုံနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မန္တလေးဘက် ဆင်းလာတဲ့ ကားတွေအနေနဲ့ အနည်းဆုံး ၃ နာရီခန့်စောင့်ဆိုင်းနေရတဲ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ ဆဲဆိုကြိမ်းမောင်းတာ၊ ငွေတောင်းတာတွေလည်း ကြုံနေရတယ်လို့ ခရီးသည် တစ်ဦးက ပြောပါတယ်။
“ဂိတ်နားမှာ ဘာဆိုင်မှ မရှိဘူး။ ဗိုက်ဆာတတ်တဲ့လူဆိုရင် တခါတည်း သယ်သွားတာ ကောာင်းတယ်။ ပိုက်ဆံလည်း ပိုပိုလိုလို ဆောင်ထားပေါ့။ တခါခါ သူတို့က ခရီးသည်ကိုပါ တောင်းတာ”လို့ သူက ပြောပါတယ်။
သီတင်းကျွတ်ကာလ မတိုင်ခင်ကတည်းက ဟန်မြင့်မိုရ်လမ်းကစပြီး စစ်ကောင်စီဖက်က ခရီးသွားပြည်သူတွေကို လမ်းကြေး ပိုကောက်ခံဖို့အတွက် စစ်ဆေးရေးဂိတ်တွေ တိုးဖွင့်ထားတယ်လို့ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။
“အဲဒီ X-Ray ဂိတ် အကျော်နားလေးက စစ်သား ၅ ယောက်စောင့်တဲ့ဂိတ် ၃ သောင်းခွဲ ပေးရတယ်။ တခြားဂိတ်တွေနဲ့ဆို ရွာငံမှာတင် သိန်းဂဏန်း ကျော်တယ်။ အလုပ်ကိစ္စ ဘာညာရှိရင် တခြားလမ်း ရွေးရင်ရွေး မရွေးရင် ကြိုသွားမှပဲ အဆင်ပြေမယ်”လို့ ပြောပါတယ်။
အရင် လမ်းဟောင်းဖြစ်တဲ့ တောင်ကြီး – ကလော – သပြေဝ – မန္တလေးလမ်းပိုင်းမှာတော့ ခရီးမိုင် ပိုဝေးပေမယ့် ၂ နာရီနီးပါးခန့်သာ စောင့်ဆိုင်းရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းတုန်းက လားရှိုးမှတ်ပုံတင် ကိုင်ဆောင်သူတွေကို ဖြတ်သန်းခွင့် မပြုခဲ့ပေမယ့် လက်ရှိမှာတော့ ဘယ်လူမျိုးမဆို ဖြတ်သန်းခွင့် ပေးနေပြီး အရင်ထက်တော့ အစစ်ဆေးပိုတင်းကြပ်တာ၊ ငွေကြေးပိုတောင်ခံတာတွေ ရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
MK-014








