မဲခေါင်၊ အောက်တိုဘာ ၂၈
‘ဝ’ အစိုးရအုပ်ချုပ်တဲ့ ဒေသတွေဖြစ်တဲ့ ပန်ဆန်း၊ နမ့်တစ်၊ မိုင်းပေါက်၊ ဟိုပန် စတဲ့မြို့နယ်တွေနဲ့ ၁၇၁ စစ်ဒေသတွေမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ‘ဝ’ပြည်နယ်အစိုးရက ထုတ်ပြန်သတိပေးထားပါတယ်။
‘ဝ’ဒေသ နယ်စပ်ဂိတ်တွေအပါအဝင် မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေမှာ တရုတ်ဘက်က လူသုံးကုန်ပစ္စည်း၊ လောင်စာဆီ၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတင်ပို့မှုတွေ ကန့်သတ်ပြီးနောက် အောက်တိုဘာလ ၂၅ရက်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ်ဘက်က ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ပိတ်ပင်ပြီးနောက်ပိုင်းမှာ ပြည်သူတချို့က ထိတ်လန့်ပြီး ကုန်ပစ္စည်းတွေအများအပြား ဝယ်ယူလာတာကြောင့် ‘ဝ’ ဒေသတချို့မှာ ကုန်ဈေးနှုန်းမြင့်တက်တာတွေ ဒီရက်ပိုင်း ဖြစ်လာတယ်လို့ ‘ဝ’ပြည်နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
“လူတချို့က လန့်ပြီး ဆန်တွေ၊ ဆီတွေလိုက်ဝယ်တော့ ကုန်ဈေးနှုန်းတက်တာရှိတယ်။ ကိုဗစ်တုန်းကလည်း တစ်ခါဖြစ်ဖူးတယ်” လို့ သူကပြောပါတယ်။
‘ဝ’ အစိုးရရဲ့ ကြေညာချက်ထဲမှာ ကုန်ဈေးနှုန်းတွေကို ဈေးတင်ရောင်းတာ၊ ဈေးကစားတာ၊ ကုန်ဈေးနှုန်းတက်တဲ့သတင်း ဖြန့်ဝေတာ၊ ကုန်ဈေးနှုန်းနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေတာတွေလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ဖော်ပြထားပြီး ‘ဝ’ဒေသ ခရိုင်အသီးသီးမှာရှိတဲ့ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဌာနကတစ်ဆင့် ဟင်းသီးဟင်းရွက်၊ ဆန်၊ အသား၊ လူသုံးကုန်ပစ္စည်းတွေရဲ့စျေးနှုန်းတွေကို အချိန်နဲ့တပြေးညီ လေ့လာစောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ‘ဝ’ဒေသ တောင်ပိုင်းဖြစ်တဲ့ ၁၇၁ စစ်ဒေသအပေါ်လည်း သက်ရောက်မှုရှိမှာဖြစ်ပြီး ၁၇၁ စစ်ဒေသမှာတော့ ဒေသထွက်ကုန်နဲ့ လူအများစု လုံလောက်ကြတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
‘ဝ’ အစိုးရထိန်းချုပ်တဲ့ ဒေသတစ်ခုဖြစ်တဲ့ ဟိုပန်မှာ လတ်တလော စက်သုံးဆီဈေးနှုန်းမြင့်တက်တာဖြစ်နေပြီး တစ်လီတာကို ၇ယွမ်ကနေ ၁၀ယွမ်အထိဈေးတက်သွားတယ်လို့ ဟိုပန်ဒေသခံတွေထံက သိရပါတယ်။
UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို ဆောဖားဂိတ်နဲ့ပန်ဆန်းဂိတ်တွေ စစ်ဆေးမှု တင်းကြပ်လာတာကြောင့် ပြည်သူတွေ စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ ပန်ဝိုင်နဲ့ နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု နည်းလာနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်သွားရောက်တဲ့ အောက်တိုဘာလ ၁၅ရက်နောက်ပိုင်း တရုတ်ဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တိုက်ပွဲရပ်ဖို့ဖိအားပေးလာပြီး တရုတ်-မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်တချို့ကို ပိတ်ပစ်တာ၊ ကုန်ပစ္စည်းအမျိုးအစားတချို့ တင်သွင်းခွင့်ကန့်သတ်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။
လက်ရှိမှာ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေအနက်ပုံမှန်အတိုင်း ကုန်စည် တင်သွင်းခွင့်ပြုဆဲ ဂိတ် ၆ ဂိတ်၊ ကုန်စည်တင်သွင်းခွင့် လုံးဝပိတ်ပင်တဲ့ဂိတ် ၇ ဂိတ်နဲ့ အကန့်အသတ်နဲ့ ကုန်စည်တင်သွင်းခွင့်ပြုထားတဲ့ဂိတ် ၃ ဂိတ်ရှိတယ်လို့ WaNewsLand ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မြန်မာစစ်တပ်နဲ့ ကချင့်တပ်မတော် – KIA တို့ တိုက်ပွဲပြင်းထန်နေချိန်မှာ KIA နယ်မြေနဲ့ ဆက်စပ်တဲ့ ကုန်သွယ်ရေးဂိတ်တချို့ကို တရုတ်ဘက်က ပိတ်ခဲ့ပါသေးတယ်။
ပုံအညွှန်း – ‘ဝ’အစိုးရအုပ်ချုပ်တဲ့ ဟိုပန်မြို့မှာ စက်သုံးဆီဝယ်ယူရန်တန်းစီနေသူတွေကို အောက်တိုဘာလ ၂၄ရက်က တွေ့ရစဉ်
MK – 004, MK – 012








