မဲခေါင်၊ အောက်တိုဘာ ၁၉
ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးနားက ကျေးရွာလေးရွာမှာ ရေအကုန်မကျသေးဘဲ ရေဘေးရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ရေဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
စက်တင်ဘာလ ပထမအပတ်ကစပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော၊ပလဖ ကျေးရွာတွေက ခုလက်ရှိအချိန်အထိ ရေအကုန်မကျသေးဘဲ နေအိမ်ပြန်နေဖို့ အခက်အခဲ ရှိနေပြီး စီးပွားရေးလုပ်ကိုင်ဖို့အတွက်လည်း အဆင်မပြေဘူးလို့သိရပါတယ်။
“ဒီနှစ်မှ ရွာပြန်ပြီး လယ်ပြန်လုပ်တယ်။ လယ် စလုပ်ကတည်းက မိုးဗြဲဆည်က ရေဖောက်ချတယ်။ ခုတော့ အကုန်လုံး ဆုံးရှုံးကုန်တယ်။ ရေမြုပ်တော့ စားဝတ်နေရေးအများကြီး ခက်ခဲကုန်တာပေါ့။ အိမ်ကလည်း စစ်ကောင်စီမီးရှို့တော့ ပါသွားပြီကော။ ခုက သူများလာလှူတာနဲ့ပဲ စားနေရတယ်။”လို့ နန်းမယ်ခုံ ရေဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
ရေက ပြန်ကျနေပေမယ့် အကုန်လုံးမကျသေးဘဲ ပင်လယ်လိုဖြစ်နေရာကနေ ၅၊ ၆ ပေကျော်ကျတာတွေရှိပြီး ခုလက်ရှိမှာ ကုန်းမြင့်ပိုင်းနေရာတချို့နဲ့ ဘုန်းကြီးကျောင်းမှာ နေထိုင်နေကြပါတယ်။
“ရေက ကျတာတော့ကျတယ်။ အကုန်မကျသေးတော့ နေလို့ရတဲ့ တာဘောင်ပေါ်မှာ နေနေကြတယ်။ ကျွန်တော်တို့လည်း သွားတော့ ကူနေတယ်။ ရိက္ခာဆိုတော့ မလောက်ငှတာမျိုးလည်းရှိတာပေါ့နော်”လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကိုသန့်ဇင်က ပြောပါတယ်။
ရေဘေးဒဏ်ကြောင့် ပြည်သူတွေရဲ့ ရိတ်သိမ်းခါနီး စပါးဧက ၅၀၀၀ ကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ရပြီး ခုလက်ရှိအချိန်အထိ နေအိမ်တွေမှာ ပြန်လည်နေထိုင်လို့ မရသေးဘူးလို့ဆိုပါတယ်။
နေအိမ်အားလုံး ရေလွှမ်းမိုးခံလိုက်ရတဲ့အတွက် စားနပ်ရိက္ခာပိုင်း၊ ဆေးဝါးပိုင်းနဲ့ ပြန်လည်တည်ထောင်ရေးအတွက်လည်း လိုအပ်ချက်တွေကြီးမားနေပြီး ပြည်သူတွေက ကူညီပေးကြဖို့ကို တောင်းဆိုထားပါတယ်။
CJ-004








