မဲခေါင်၊ အောက်တိုဘာ ၁၉
တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နောင်ချိုမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ ၁၉ ရက်မနက် ၅ နာရီမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ကလေး ၂ ဦးအပါ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက မနက် ၅နာရီ ၁၅ မိနစ်အချိန်မှာ လေကြောင်းနဲ့ဗုံးကြဲတာကြောင့် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပိုင်ရှင်နဲ့အတူ သမီးနှစ်ဦးပါ သေဆုံးသွားခဲ့ပါတယ်။
၅ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲတာကြောင့် နောက်ထပ် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးဦးထိခိုက်ဒဏ်အပြင်းအထန် ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံးနဲ့နှစ်ကြိမ်တိုက်ခိုက် ဗုံးကြဲတာကြောင့် ဒေသခံပြည်သူနေအိမ် ၁၇ အိမ်ထိခိုက်ပျက်ဆီးခဲ့ပြီး မနေ့အောက်တိုဘာ ၁၇ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ညမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ဗုံး၅ ကြိမ်ကြဲချပြီး ဒေသခံပြည်သူ ၄ ဦးဒဏ်ရာရှိပါတယ်။
တော်လှန်းရေးတပ်ဖွဲ့တွေဟာ မြို့တွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လက်လွှတ်ဆုံးရှုံးတာကြောင့် ရှုံးမဲမဲကာစစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံပြည်သူလူထုများ အသက်အိုးအိမ်များပျက်စီးစေရန်ရည်ရွယ်ချက် ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
MK 11








