မဲခေါင်၊ အောက်တိုဘာ ၁၈
မန္တလေးတိုင်း၊ မြို့ထွက် ၁၆ မိုင်ဂိတ်မှာ နံပါတ်အနီ လိုင်းကားတွေကို ဒီနေ့ (အောက်တိုဘာ ၁၇)ကစပြီး ဖြတ်သန်းခွင့် မပေးတော့ဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်း အခြေနေအရ ၁၆ မိုင်ဂိတ်မှာ စစ်ကောင်စီဖက်က အတက်ကားတွေ သီးသန့်ပိတ်ထားတာ ဖြစ်ပြီး အဆင်း အိမ်စီးကားတွေကိုတော့ ပေးဖြတ်နေတယ်လို့ ဆိုပါတယ်။
“ပြင်ဦးလွင်ကားတော့ တချို့ရတယ်။ ဆိုင်ရာပိုင်ရာတွေပေါ့။ တခြားကားတော့ မရဘူး။ ဝက်ဝံဂိတ်လည်း ဖြတ်မရတော့ဘူး” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
အလားတူ မနေ့(အောက်တိုဘာ ၁၈)က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဖွင့်လှစ်ပေးလိုက်တဲ့ အင်းဝိုင်း -ဘန်ဘွေး-ပြင်ဦးလွင်လမ်းပိုင်းမှာလည်း အဝေးပြေး နံပါတ်နီကားတွေကို ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
“အဲဒီလမ်းက စစ်တပ် လက်နက်ကြီးပစ်လို့ TNLA က မြေတူးပြီး ဖျက်လိုက်တာ။ အခု လမ်းတော့ ပြန်ပြင်ပြီးပြီ။ သွားလို့ရပြီ။ တချို့မြို့ခံကားတွေက နံပါတ်နီ ပေးမဖြတ်ဘူးဆိုလို့ ဝင်မရသေးဘူး။ လမ်းက ၅ ရက်ဖွင့်မယ် ကြားတယ်” လို့ မိုးကုတ်မြို့ အနောက်ပိုင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်း ၂ ခုလုံးမှာ နံပါတ်အနီ ကားတွေကို ဘယ်ရက် ဘယ်အချိန်မှာ ဘယ်လောက်အရေအတွက်နဲ့ ဖြတ်ခွင့်ပေးမယ်ဆိုတာ ၂ ဖက်တပ်တွေက ကြေညာတာမျိုး မရှိသေးပါဘူး။
လက်ရှိ အခြေအနေအရ ၂ ဖက်တပ်တွေက နံပါတ်အနီတွေကို ပိတ်ထားတာကြောင့် မိုးကုတ်မြို့တွင်း ဆေးနဲ့ စားနပ်ရိက္ခာတွေ ဝင်ရောက်မှု ပြတ်လပ်လာနိုင်ပြီး ကုန်ဈေးနှုန်း ထပ်တက်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်နေကြပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ၂ ဖက်တပ်တွေက ကြေညာချက်ထုတ်ပြီး လမ်းပုံသေ ပိတ်တာ/ ဖွင့်တာမျိုး မလုပ်ဆောင်တော့ဘဲ မြေပြင်တိုက်ပွဲ အခြေအနေအရ ရုတ်တရက် ပိတ်တာ/ဖွင့်တာ၊ ယာဉ်တွေကို ကန့်သတ်တာတွေ ပြုလုပ်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် များစွာအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
MK-014








