မဲခေါင်၊ အောက်တိုဘာ ၁၈
ရှမ်းမြောက်၊ သီပေါမြို့တိုက်ပွဲမှာ ခလရ ၂၃ ကနေ ခုခံတိုက်ခိုက်ခဲ့တဲ့ ဗျူဟာမှူးနဲ့ ဗိုလ်မှူးအဆင့်တွေကို စစ်ကောင်စီက မိုင်းရယ်က တပ်ရင်းအချုပ်တွေမှာ ခွဲချုပ်ထားတယ်လို့ စစ်သတင်း အရင်းအမြစ်ဆီက သိရပါတယ်။
ဗျူဟာမှူး နိုင်နိုင်ဦး ကို ခလရ ၆၇ မှာချုပ်နှောင်ထားပြီး ကျန်လူတွေကို ခမရ ၃၂၅ နဲ့ အမတ ၃၅၀ တို့မှာ ခွဲချုပ်ထားတယ်လို့ သိရပါတယ်။
“အမိန့်မရဘဲ ဆုတ်လို့တဲ့၊ သိရသလောက်တော့ ဘယ်လိုမှ မခံနိုင်တော့လို့ ထွက်ပြေးရတာ။ 2IC မေဂျာ ၁ ကောင်က အသေခံမတိုက်ဘဲ ဆုတ်လို့ဆိုပြီး ချွန်တာ၊ သူလည်း ပြေးတာကို သူ့အပြစ်မကျအောင် ကိုယ်လွတ်ရုန်းတာလို့ ကြားတယ်” လို့ စစ်သတင်းအရင်းအမြစ်က မဲခေါင်သတင်းဌာနကိုပြောပါတယ်။
စစ်သတင်းတွေဖော်ပြနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း “သီပေါ ခလရ ၂၃ ကနေ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး သုတ်ခြေတင်ခဲ့တဲ့ နည်းဗျူဟာမှူး ကာနယ် နိုင်နိုင်ဦးနှင့် မေဂျာအဆင့်ထိ တာ၀န်ရှိသူများအား မိုင်းရယ် ဗဟိုကင်း အချုပ်ခန်းတွင် ဝါကျွတ်လက်ဆောင်အဖြစ် သီးသန့်ထားရှိလိုက်ပြီဖြစ်ပါကြောင်း”လို့ မနေ့က လူမှုကွန်ရက်မှာ ရေးသားလာတာတွေ့ရပါတယ်။
ခလရ ၂၃ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ လက်နက်ကိုင်ရဲမေ ၇၈ ဦး အပါအဝင် အိမ်ထောင်စုဝင် ၁၉၁ ဦးကို TNLA က လူသားချင်းစာနာစွာနဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် စစ်ကောင်စီကတော့ သူ့လူသူ ဖမ်းချုပ်ထားတာ ဖြစ်ပါတယ်။
သီပေါမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်က စတင်တိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်မှာ အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ တိုက်ပွဲက ဟောင်ဝီဇာလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်နဲ့ စိန်ပြောင်း၊ စက်လတ်၊ အာပီဂျီတွေ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ကြေညာထားပါတယ်။
MK-012








