မဲခေါင်၊ အောက်တိုဘာ ၁၈
ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့အဝင်က ခမရ ၄၂၄ စစ်ကောင်စီတပ်က စစ်ကောင်စီနဲ့ရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်က ခရီးသွားဒေသခံပြည်သူတွေကို ရိုင်းစိုင်းမောက်မာစွာ ဆက်ဆံနေသလို ကုန်ပစ္စည်းတွေအပေါ်လည်း အဓမ္မငွေတောင်းခံမှုတွေ လုပ်နေတယ်လို့ ဆီဆိုင်မြို့ခံတွေထံက သိရပါတယ်။
ဆီဆိုင်မြို့အထွက် ဝန်ထမ်းအိမ်ရာရှေ့ စစ်ကောင်စီနဲ့ ရဲစစ်ဆေးရေးဂိတ်က စစ်ဗိုလ်နဲ့အဖွဲ့ဟာ ဒေသခံတွေသယ်ဆောင်လာတဲ့ အစားအသောက်ကအစ ပြောင်း၊ ဆန်၊ မီးဘသွေးကုန်စုံတွေသယ်လာတာကို ကြမ်းတမ်းရိုင်းစိုင်းစွာ ရှာဖွေ ငွေတောင်း ခြိမ်းခြောက်တာတွေ လုပ်နေတာလို့ သိရပါတယ်။
“ပြောင်းကားဆို သိန်းချီတောင်းတယ်၊ ရှာဖွေတာလဲ ပြဲလရမ်း ရှာတာ လွှတ်ပစ်တာရှိသေးတယ်၊ ငွေမရရင် ရိုက်မယ် ခြိမ်းခြောက်သေးတယ်”လို့ ဆီဆိုင်မြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဆိုပါစစ်ဆေးရေးဂိတ် လက်ရှိတာဝန်ခံမှာ စစ်ကောင်စီ ခမရ ၄၂၄တပ်က စစ်ဗိုလ် လှိုင်ဘုန်းမော်ဆိုသူဖြစ်ပြီး ပြည်သူတွေကို ရိုက်းစိုင်း မောက်မာစွာ ရွှေညောင်ပင်ဘက်မှာ ဆက်ဆံခဲ့လို့ နာမည်ဆိုးထွက်နေတဲ့ စစ်အရာရီဆိုး တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ် ၄၂၄ ဟာ ပြီးခဲ့တဲ့ ဆီဆိုင်မြို့တိုက်ပွဲအတွင်း PNLO နဲ့ တော်လှန်ရေးတပ်တွေရဲ့ တပ်လုံးပြုတ် အတိုက်ခံခဲ့ရတဲ့ တပ်ဖြစ်ကာ တပ်သားသစ်တွေနဲ့ပြန်လည်သုဖွဲ့ထားတဲ့တပ်ဖြစ်ပြီး မကြာခင်ကလည်း ဆီဆိုင်မြို့အရှေ့ဘက် နောင်ကျောဘက်တိုက်ပွဲတွေမှာ အကျအဆုံးများခဲ့တဲ့တပ်ဖြစ်ကြောင်း သိရပါတယ်။
MK-012








