မဲခေါင်၊ အောက်တိုဘာ ၁၆
ကရင်နီပြည်၊ ဖားဆောင်းနဲ့ ဘောလခဲကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ထူးချောင်း စခန်းမှာ ဒရုန်းကိုအဓိကထား အသုံးပြုခဲ့တယ်လို့ Karenni Army (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ ထူးချောင်း စစ်တပ်စခန်းကို အောက်တိုဘာလ ၁၂ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ စုစည်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“သူတို့ဖက်ကို ကျွန်တော်တို့က ဒရုန်းနဲ့ပတ်သတ်ပြီး အနိုင်ယူထားတယ်။ အင်အားက မြောက်ပိုင်းနဲ့မတူတော့ ဒရုန်းနဲ့ပဲ အဓိကထားပြီး သိမ်းတာမျိုးပေါ့နော်။ သုံ့ပန်းတော့မရှိဘူး။ အလောင်းတွေ တွေ့တယ်။ အလောင်းတွေက ပုပ်စော်နံတော့ အမြန်လုပ်ရတာပေါ့”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ဒရုန်းတပ်ဖွဲ့မှာ KNDF တပ်ရင်း ၉၊ KNDF ဗျူဟာ ၃ နဲ့ KA တပ်ရင်းတို့ပါဝင်ပြီး အခြား မြေပြင်တပ်ရင်းတွေနဲ့အတူ ဟန်ချက်ညီညီ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဘော်လခဲက စစ်ဗျူဟာ ရုံးကတော့ရှိမယ်။ စခန်းငယ်တွေတော့မရှိလောက်ဘူး။ ထူးချောင်းက ပြေးတဲ့သူကတော့ ဘောလခဲမှာ စုမှာပဲ။ ဘောလခဲနဲ့ ဖားဆောင်းကြားမှာ အရေးကြီးတာက ထူးချောင်းစခန်း၊ ခုပြုတ်သွားပြီ။ ဖားဆောင်းလဲ သိပ်မကျန်ဘူး”
ဘောလခဲက စစ်ဗျူဟာမှာ ခမရ ၄၂၉၊ ခမရ ၄၃၀ နဲ့ ခလရ ၃၃၇ တို့နဲ့ ဖွဲ့စည်းထားပြီး ဖားဆောင်းမှာ ခလရ ၁၃၄ နဲ့ ၁၃၅ အခြေစိုက် တပ်စခန်းနှစ်ခုသာ ကျန်တော့တယ်လို့ သိရပါတယ်။
ဖားဆောင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၇ လတာ ကာလရှိနေပြီး ထိတွေ့တိုက်ပွဲတွေလည်း မကြာခန ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
CJ-004








