မဲခေါင်၊ စက်တင်ဘာ ၂၈
ကရင်နီပြည်နယ်က ဒီးမော့ဆိုအနောက်ခြမ်းမှာ ရေကြီးရေလျှံမှု နောက်ဆက်တွဲအနေနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားတဲ့သူတွေများတယ်လို့ ဆေးကုသပေးနေသူတွေဆီက သိရပါတယ်။
စက်တင်ဘာလထဲ မိုးအဆက်မပြတ်ရွာသွန်းမှုတွေ၊ ရေကြီးမှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေပိုများလာတယ်လို့ သိရပါတယ်။
“အစားအသောက်ပြသနာနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေပေါ့။ အထူးသဖြင့်ကတော့ ကလေးတွေဖြစ်ကြတယ်။ လူကြီးကျတော့ ခံနိုင်ရည်ပိုရှိတာကြောင့် ဖြစ်လည်း သိပ်မဆိုးကြဘူး။ ကလေးတွေက ဝမ်းလျှောတာ အန်တာတွေဖြစ်ကြတယ်။ ပြီးတော့ အစာအဆိပ်သင့်တာတွေ၊ တကိုယ်ရည်သန့်ရှင်းဖို့ အားနည်းတာတွေ၊ မသန့်တဲ့ အစာတွေကြောင့် အစာအဆိပ်သင့်တာလည်း ကြုံရတယ်ပေါ့နော်”လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ဒေါက်တာ စိုးရန်နိုင်က ပြောပါတယ်။
ဒါ့အပြင် မိုးကြီးတဲ့အတွက် မြွေအန္တာရယ်အနေနဲ့ မြွေကိုက်ခံရတာတွေလည်းရှိနေပြီး ရေဝင်ရောက်မှုတွေကြောင့် ယားနာဖြစ်ပွားသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလတလအတွင်း ဝမ်းပျက်ဝမ်းလျှောနဲ့ မြွေကိုက်ခံရလို့ ဆေးရုံလာပြကြသူ အယောက် ၅၀ ကျော်ရှိနေပြီး ယားနာဖြစ်ပွားလို့ ဆေးလာတောင်းသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်က မြို့နယ်တချို့မှာ ခုလက်ရှိအချိန်အထိ ရေကြီးနေပြီး စစ်ဘေးရှောင်ပြည်သူတွေ ဖျားနာတာတွေလည်း ရှိနေတာကြောင့် ရွေ့လျားဆေးကုသပေးနေတဲ့ အဖွဲ့အစည်းတွေလည်း အများအပြား လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
Cj-004








