မဲခေါင်၊ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ဘက် ဩဂုတ်လ ၁၆ ရက်နေ့ကစ စစ်ကောင်စီနဲ့ KIA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ဖြစ်ပွားနေပြီး ကားလမ်း အသွားအလာကိုလည်း ပိတ်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်လောက်က စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ အင်တော်မှာ ဗုံး ၃ ကြိမ်၊ လေယာဉ် အကြီးနဲ့ ဗုံး ၃ ကြိမ်လာကြဲ သွားတယ်လို့ ဆိုပါတယ်။
“အင်းတော်ဘက်က KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတွေ တိုက်ပွဲ ဖြစ်နေတာ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အင်းတော် ဒေသခံတွေက စစ်ရှောင်ကုန်ကြပြီး ပိတ်မိနေတဲ့ ပြည်သူတွေတော့ မရှိ သလောက် ဖြစ်သွားပြီ လို့ ဆိုပါတယ်။
“လမ်း ပိတ်ထားတယ်။ မဲဇာတောင်ခြေ ကနေ နန့်မကျိုင်းအထိ။ အင်းတော်ကွင်းလမ်းလည်း အခု သွားလို့ မရတော့ဘူး” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
အင်းတော်ဘက် ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
အင်းတော်ဘက် တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့်ဘက် သွားလို့ရတဲ့ လမ်းမှန်သမျှ ပိတ်ထားတယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ဖားကန့်ဘက်က စစ်ကောင်စီရဲ့ အမြင့်ဆုံး ရှေ့တန်း ကာကင်းစခန်းဖြစ်တဲ့ လမောင် စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တောမှော်တပ်စခန်း ၂ ခုကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ တွေက သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။
CJ-008








