မဲခေါင်၊ ဩဂုတ် ၁၇
ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ဩဂုတ်လအတွင်း ဆန်ပြတ်လပ်မှု ကြုံလာရတယ်လို့ စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
လတ်တလော စစ်ဘေးရှောင်စခန်းတွေမှာ ၂ ပတ်ခန့် စားသုံးဖို့အတွက်သာ ဆန်ကျန်ရှိတော့တာကြောင့် စစ်ဘေးရှောင်တွေဟာ ဆန်ပြုတ်သောက်တာ၊ အချင်းချင်း ဝေမျှကြတာတွေနဲ့ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
“အလှူရှင်တွေ မလာတော့ဘူးလေ။ စပါးခင်းတွေလည်း ဒီနှစ်မိုးများလို့ ပျက်စီးတယ်။ မိုးဗြဲဘက်လည်း ရေလွှတ်တော့ လယ်တွေ ရေမြုပ်ကုန်တာနဲ့ ဆန်က မဝင်တော့ဘူး” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၁၁၁၁ စစ်ဆင်ရေးကာလ မတိုင်ခင်ကတည်းက ကရင်နီပြည်ကို NGOs တွေ ဝင်ခွင့်မပေးတဲ့အပြင် ဆန်သယ်ယူခွင့်လည်း ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်နဲ့ ဒေသခံတွေဟာ ကိုယ်တိုင်စိုက်ပျိုးနေရတယ်လို့ သိရပါတယ်။
“တချို့ ပိုက်ဆံနည်းနည်းပါးပါး ရှိတဲ့သူတွေက လွိုင်ကော်ပြောင်းကြပေါ့။ မရှိတဲ့သူတွေကတော့ တောထဲတောင်ထဲသွား အမဲလိုက်ပြီး အသားနဲ့ အရွက်နဲ့ ပြုတ်စားကြပေါ့” လို့ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆို အနောက်ခြမ်းမှာ လက်ရှိ ဆန်ပြတ်လပ်တဲ့စခန်း စုစုပေါင်း ၁၀ ခုကျော်ရှိပြီး မကြာခင် ဆန်ပြတ်လပ်တော့မယ့် စခန်းက ၅ ခုထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက ဒီးမော့ဆို အနောက်ခြမ်းရှိ ကျေးရွာ ၁၁ ရွာမှာ စစ်ဘေးရှောင် ၃ သောင်းကျော် ခိုလှုံနေကြပြီး လတ်တလော တိုက်ပွဲငြိမ်သက်နေပေမယ့် အများစုက အိမ်မရှိတော့တာကြောင့် ပြန်ဖို့အဆင်မပြေသေးဘူးလို့ သိရပါတယ်။
MK-014








