မဲခေါင်၊ ဩဂုတ် ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ စစ်မှုထမ်းခေါ်ယူတာကို လူစားထိုးအတွက် တစ်အိမ် ကျပ် ၂ သိန်းခွဲ အထိ ကောက်ခံနေတယ်လို့ သိရပါတယ်။
ပင်းတယမြို့နယ်အတွင်းက မိုင်းလီကျေးရွာမှာ စစ်မှုထမ်းဖို့အတွက် မဲနှိုက်တဲ့အစီအစဉ်ကို သဘောမတူတာကြောင့် စစ်ကောင်စီဘက်က အခုလို ကောက်ခံဖို့ ဆုံဖြတ်လိုက်တာပါ။
“၂ သိန်းခွဲဆိုတာ တော်တော်လေးများတယ်။ အလုပ်ရှားလို့ မြို့တက်လုပ်သူတွေတောင် တစ်သိန်းကျော်ပဲ ရကြတာ။ မလိုက်နိုင်တော့လည်း ထည့်ရမှာပဲလေ” လို့ မိုင်းလီရွာခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်မှုထမ်းအတွက် ကောက်ခံတဲ့ ၂ သိန်းခွဲကျပ်ကို ဩဂုတ်လအကုန် နောက်ဆုံးထားပေးသွင်းရမယ်လို့ ပြောဆိုထားတာကြောင့် စိုက်ပျိုးရာသီအတွင်း ငွေမပေါ်သေးတဲ့ တောင်သူတွေအတွက် ချေးငှားရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်း လူစားထိုးစရိတ်ဟာ တစ်ဦးကို သိန်း ၂၀၀ ဝန်းကျင်ခန့်သာ ကျသင့်မှာ ဖြစ်တာကြောင့် တစ်အိမ် ၂ သိန်းခွဲနှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ငွေပမာဏာများစွာ ပိုလျှံနေပြီး လိုက်လံကောက်ယူမယ့် စစ်ကောင်စီတပ်သားတွေအပေါ် ပြောဆိုဝေဖန်နေကြပါတယ်။
အလားတူ အရင်ကလည်း စစ်ကောင်စီတပ်က မိုင်းလီကျေးရွာမှာ စစ်အသုံးစရိတ်အတွက် တစ်အိမ် ၂ သောင်းကျပ် ကောက်ခံခဲ့ဖူးပြီး ရိက္ခာတွေ စုဆောင်းခဲ့ဖူးတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က တိုက်ပွဲတိုင်းလိုလို အရှုံးပေါ်နေပြီး ခေါ်ယူထားတဲ့ စစ်မှူထမ်းတွေဟာ ရှေ့တန်းမှာ မကြာခဏ သေဆုံးနေသလို စစ်ကောင်စီ ထောက်ခံသူတွေလည်း လျော့နည်းလာတာကြောင့် လာမယ့် စစ်မှုထမ်း အပတ်စဉ် ၅ မှာ ပေါ်တာဆွဲတာတွေ ကြုံလာရနိုင်တယ်လို့ CDM ဗိုလ်ကြီးတွေက သုံးသပ်ပါတယ်။
MK-014








