မဲခေါင်၊ ဩဂုတ် ၉
ရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့ အထူးဒေသ ၄ ကို ထိန်းချုပ်တဲ့ မိုင်းလားတပ်ဖွဲ့ – အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – NDAA ခေါင်းဆောင် ဦးစိုင်းလင်း ဟာ မနေ့သြဂုတ် ၈ ရက်မှာ တရုတ်ပြည်တွင်း ကင်ဆာကုသရင်း ကွယ်လွန်သွားတယ်လို့ မိုင်းလားအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဦးစိုင်းလင်းရဲ့ ရုပ်ကလပ်ကို မိုင်းလားမြို့ကို ပြန်လည်သယ်ဆောင်လာနေတယ်လို့ သိရပြီး စျာပနအစီအစဉ်ကိုတော့ မသိရှိရသေးပါဘူး။
ဦးစိုင်းလင်းဟာ ကျန်းမာရေးမကောင်းမွန်တာကြောင့် ၂၀၂၃ ခုနှစ်ကတည်းက တရုတ်ပြည်ဘက်မှာ သွားရောက်ဆေးကုသနေရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ဆီလူး၊ မိုင်းလား၊ နမ့်ပန်း နယ်မြေ ၃ ခုကို အထူးဒေသ(၄)အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးနဲ့စည်းရုံးရေးကော်မတီဖွဲ့စည်းကာ ဦးစိုင်းလင်းက ဥက္ကဌအဖြစ် တာဝန်ယူ အုပ်ချုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အထူးဒေသ(၄) NDAA ဥက္ကဌ ဦးစိုင်းလင်းဟာ MNDAA တည်ထောင်သူ ဖုန်ကြားရှင်ရဲ့ သမီး ဒေါ်နန်းရင်နဲ့ လက်ထပ်ထားပြီး သားမက်တော်စပ်သူ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)ကို ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်ကနေ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့တွင် ဦးစိုင်းလင်း ဦးဆောင်သည့် အာခါ တိုင်းရင်းသားများပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေ ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
MK-012
ပုံ – မိုင်းလားငြိမ်းချမ်းရေးနှစ် (၃၀)ပြည့်တွင် မိန့်ခွန်းပြောကြေားနေသည့် ဦးစိုင်းလင်း








