မဲခေါင်၊ သြဂုတ် ၈
ရှမ်းပြည်တောင်ပိုင်း၊ ရပ်ဆောက်မြို့နယ်အတွင်းက ကျောက်ဂူ၊ အင်တော ဘက်က ကျေးရွာတွေမှာ ယနေ့ သြဂုတ်လ ၈ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကြဲနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
“ဘယ်အဖွဲ့တွေ တိုက်နေတာတော့မသိသေးဘူး၊ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်တာလို့ထင်တယ်၊ အဲဖက်မှာ ဘာစခန်းမှ မရှိဘူးဗျ၊ စစ်တပ်စခန်းလဲ မရှိဘူး၊ ရှမ်းတပ်ဖွဲ့ရဲ့စစ်စခန်းလဲမရှိဘူး၊ အခုထိ လက်နက်ကြီးထုနေတုန်းဗျ၊ စစ်တပ်က ဟိုဘက်က တက်လာလို့ပစ်တာဗျ၊ ညနေပိုင်းထိပစ်နေတုန်းပဲ”လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီလေယာဉ်က ဗုံး ၂ လုံးကြဲချခဲ့ပြီး ခုညနေထိ လက်နက်ကြီးပစ်ခတ်နေဆဲလို့ သိရပါတယ်။ လွယ်ဟောဝ်နဲ့ ဖက်ရင်းကုန်းကျေးရွာတွေက အင်တောမြို့နဲ့ ၁၀ မိုင်ခန့်ဝေးကွာပြီး မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံရွာနဲ့ နီးကပ်လို့ အသံတွေကြားနေရတယ်လို့ပြောပါတယ်။
အနီးဝန်းကျင်ရွာတွေကဒေသခံတွေကတော့ စစ်ဘေးတိမ်းရှောင်ရန်အတွက် အရေးကြီးစာရွက်စာတမ်း၊ ဆေးဝါးတွေ အသင့်ဆောင်ထားကြဖို့ အချင်းချင်းသတိပေးနေကြပြီး ကြိုတင်ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
ရပ်ဆောက်မြို့နယ်အတွင်းက ကျောက်ဂူ-အင်တော ဒေသမှာ SSPP နဲ့ UWSA တပ်ဖွဲ့များ လှုပ်ရှားရာ နယ်မြေလို့ သိထားရသလို ယနေ့ မနက်မှာပင် ဟိုပုံးမြို့နယ် ၊ မိုင်းပျဉ်းတိုက်နယ်၊ ဆနင်းတောင်ကြော SSPP စခန်းရှိတဲ့ဘက်တွေကို စစ်ကောင်စီက ဗုံး ၃ လုံးကြဲချခဲ့ပါသေးတယ်။
MK-012








